မွန်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် ကြည့်ရှုစစ်ဆေး
မုဒုံ ဇူလိုင် ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မုဒုံမြို့ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းအုပ်၊ ဒုတိယကျောင်းအုပ်၊ ဝန်ထမ်းများ၊ နည်းပြများ၊ သင်တန်းသူများနှင့် တွေ့ဆုံ၍ သင်တန်းသူများ အနေဖြင့် လေ့ကျင့်သင်ကြား ပေးလျက်ရှိသည့် ပညာရပ်များကို ကြိုးစားလေ့လာ သင်ယူသွားကြရန်နှင့် ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း အဖြစ် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ကျောင်းဝင်းအတွင်းရှိ သင်တန်းခန်းမများ၊ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်၊ သင်တန်းသူများအား လက်တွေ့လေ့ကျင့် သင်ကြားနေမှုနှင့် သင်တန်းဆင်း သင်တန်းသူသုံးဦး၏ စက်ချုပ်ဆိုင် ဖွင့်လှစ်ထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့ ဆက်သွယ်သည့် ကလွီရွာရှောင်လမ်း ၈၂၈၂ ပေ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်ချက်များကို ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မွန်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိကြရာ ဒေသကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ပြည်နယ် တာဝန်ခံအရာရှိက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ချီးမြှင့်ငွေများပေးအပ်ပြီး ရုံးဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ကျိုက်မရောမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။