မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (ပျဉ်းမနား-သပြေတောင်ထပ်ဆင့်လွှင့်စက်ရုံ)တွင် ရုပ်သံရိုက်ကူးထပ်ဆင့်ထုတ်လွှင့် ဆောင်ရွက်နေမှု အခြေအနေများ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (ပျဉ်းမနား-သပြေတောင်ထပ်ဆင့်လွှင့်စက်ရုံ)တွင် ရုပ်သံရိုက်ကူးထပ်ဆင့်ထုတ်လွှင့် ဆောင်ရွက်နေမှု အခြေအနေများ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး 

        

နေပြည်တော်  ဇူလိုင်  ၂၆

      ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ     မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ပျဉ်းမနား-သပြေတောင် ထပ်ဆင့်လွှင့်စက်ရုံ)၌ ရုပ်သံရိုက်ကူး ထပ်ဆင့်ထုတ်လွှင့်ဆောင်ရွက်နေမှု အခြေအနေများကို  ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးအား ထပ်ဆင့်လွှင့်စက်ရုံ ဧည့်ရိပ်သာ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် က ပျဉ်းမနား-သပြေတောင် ထပ်ဆင့်လွှင့် စက်ရုံဆိုင်ရာ အချက်အလက်များ၊ ပျဉ်းမနား-သပြေတောင်ထပ်ဆင့်လွှင့် စက်ရုံရှိ ပြင်ပရိုက်ကူးရေး ဌာနစိတ်နှင့် PA (Public Address)လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ ပုဂ္ဂလိကလွှင့်စက်များနှင့် ပြင်ပဌာနများမှ Tower ပေါ်တွင် Antenna များတပ်ဆင် ထားရှိမှု၊ ဝန်ထမ်းများအတွက်  သက်သာချောင်ချိရေး ဆောင်ရွက်ပေးနေမှု၊ ထပ်ဆင့် လွှင့်စက်ရုံတွင် လုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု နှင့်   လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှု  အခြေအနေများကို လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပျဉ်းမနား-သပြေတောင်   ထပ်ဆင့်လွှင့်စက်ရုံတွင် ၄ ခန်းတွဲ နှစ်ထပ် ဝန်ထမ်းအိမ်ရာတစ်လုံး တည်ဆောက်မည့်   အဆောက်အဦနှင့် စပ်လျဉ်း၍လည်းကောင်း   ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပျဉ်းမနား-သပြေတောင် ထပ်ဆင့်လွှင့်စက်ရုံတွင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်    ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တည်ဆောက်မည့်  ၄ ခန်းတွဲ  နှစ်ထပ် ဝန်ထမ်းအိမ်ရာတစ်လုံး တည်ဆောက်မည့် မြေနေရာနှင့် လုပ်ငန်းခွင်ကိုကြည့်ရှုစစ်ဆေးသည်။

ယင်းနောက်  ပျဉ်းမနား-သပြေတောင် ထပ်ဆင့်လွှင့်စက်ရုံလွှင့် စက်များဖြင့် ထုတ်လွှင့်မှုအပြင်    မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင်  ထည့်သွင်းရန်အတွက်  ဝန်ကြီးဌာနများမှ ရိုက်ကူးပြီး  သတင်းအရုပ်များအား  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (တပ်ကုန်း)သို့  ပေးပို့သည့် Up Linkလုပ်ငန်းစဉ်ဆောင်ရွက်မှုနှင့်  FM-Radio? DVB-T2  ထုတ်လွှင့်မှု စက်ခန်းများကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံ ဝန်ထမ်းများအတွက်  ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်၍ ပျဉ်းမနား-သပြေတောင် ထပ်ဆင့်လွှင့်စက်ရုံတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများနေထိုင်ရာ ဝန်ထမ်းအိမ်ရာနှင့် အဆောင်များကို  လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များအား မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် ထပ်ဆင့်လွှင့်စက်ရုံတွင် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနမှ ဝန်ထမ်းလေးဦး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ    အမျိုးသမီးကင်မရာ သတင်းထောက်လေးဦးနှင့် China Radio International သို့ သွားရောက် တာဝန်ထမ်းဆောင်မည့်  ဝန်ထမ်းနှစ်ဦးတို့ကို  ကင်မရာအခြေခံ ရက်တိုသင်တန်း ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရည်မှန်းချက်ဖြစ်သည့် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် ရည်ရွယ်ချက်များနှင့်အညီ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား အစီအစဉ်များနှင့် FM-Radio အစီအစဉများကို ပျဉ်းမနားထပ်ဆင့်လွှင့်စက်ရုံမှ အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ထပ်ဆင့်လွှင့်စက်ရုံမှ  Digital စနစ်ဖြင့်  မိုင် ၂၀ ပတ်လည်တွင် MRTVHD နှင့် Free to Air ၁၈ လိုင်းဖမ်းယူကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာ့အသံ  Radio  အစီအစဉ်များနှင့် ပုဂ္ဂလိက  FM  အစီအစဉ်များကိုလည်းထပ်ဆင့်လွှင့်စက်ရုံတွင် အခြေပြု၍ ကြည်လင်ပြတ်သားစွာ ထုတ်လွှင့်ပေးလျက်ရှိသည်။

ထို့ပြင် ရိုက်ကူးရေးနှင့် PA System ဆောင်ရွက်ကြသည့် ဝန်ထမ်းများသည်လည်း  အဆိုပါထပ်ဆင့်လွှင့် စက်ရုံဝင်းအတွင်း အခြေပြု၍  နိုင်ငံတော်အဆင့် အခမ်းအနားများနှင့် ဝန်ကြီးဌာနဆိုင်ရာ ရိုက်ကူးရေးများ၊ ရုပ်သံအစီအစဉ် ရိုက်ကူးရေးများနှင့် အသံစနစ်ဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။ 

Dates: 
Saturday, July 27, 2024 - 17:18