ဆီးရီးယားသမ္မတအာဆတ်နှင့် ရုရှားသမ္မတပူတင်တို့ မော်စကို၌တွေ့ဆုံ
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်နှင့် ရုရှားနိုင်ငံ မော်စကိုမြို့၌ တွေ့ဆုံခဲ့ကြောင်း ရုရှားသမ္မတရုံးမှ ပြန်ကြားရေးဌာနက ဇူလိုင်လ ၂၅ ရက်တွင် ထုတ်ပြန်သည်။
သမ္မတပူတင်နှင့် သမ္မတအာဆတ်တို့သည် ဇူလိုင်လ ၂၄ ရက်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး လက်ရှိယူရေရှားဒေသတွင် ဖြစ်ပွားနေသည့် ဖြစ်ရပ်များကို ထည့်သွင်းစဉ်းစား မည်ဆိုပါက နှစ်နိုင်ငံတွေ့ဆုံမှုသည် အလွန်အရေးပါကြောင်း သမ္မတအာဆတ်က အဆိုပါတွေ့ဆုံပွဲ၌ သမ္မတပူတင်အား ပြောကြားသည်။
ရုရှားနှင့်ဆီးရီးယား သမ္မတနှစ်ဦးတို့သည် ၂၀၂၃ ခုနှစ် မတ်လတွင် နောက်ဆုံးအကြိမ်အဖြစ်တွေ့ဆုံခြင်းဖြစ်ပြီး ယင်းတွေ့ဆုံမှုတွင် ဆီးရီးယားနိုင်ငံ တည်ငြိမ်ရေးတွင် ရုရှားလက်နက်ကိုင်တပ်ဖွဲ့၏ အခန်းကဏ္ဍကို အလေးပေး ပြောကြားခဲ့ကြောင်း သိရသည်။
ယခုမော်စကိုမြို့၌ နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံမှုနှင့်စပ်လျဉ်း၍ ရုရှားနိုင်ငံက အသေးစိတ်အချက်အလက်များကို ဖော်ပြခြင်းမရှိသော်လည်း ဆီးရီးယားနှင့် တူကီယဲတို့ကြား သံတမန်ဆက်ဆံရေး ပြန်လည် ထူထောင်မှုနှင့် ဆက်စပ်နေကြောင်း သိရသည်။
ရုရှားနိုင်ငံသည် ဆီးရီးယား၏ အခိုင်ခံ့ဆုံးသော မဟာမိတ်နိုင်ငံကြီး တစ်နိုင်ငံဖြစ်ပြီး တူကီယဲနှင့်လည်း ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။
ဆီးရီးယားနိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင်း လူစုလူဝေးဖြင့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ယင်းဆန္ဒပြမှုများကို ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့များက အင်အားသုံးဖြိုခွင်းခဲ့ပြီး နောက်ပိုင်းတွင် ဆီးရီးယားနှင့် တူကီယဲ သံတမန်ဆက်ဆံရေး ပြတ်တောက်သွားခြင်း ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ဆီးရီးယားနှင့် တူကီယဲတို့ကြား သံတမန် ဆက်ဆံရေးများ ပြန်လည်ထူထောင်ရန် ရုရှားသမ္မတ ပူတင်က ဆီးရီးယားအား တိုက်တွန်းခဲ့ကြောင်း သိရသည်။