ရုရှားနျူကလီးယား လက်နက်များကို ဖျက်ဆီးနိုင်မည့် တာဝေးပစ်ဒုံးကျည် ထုတ်လုပ်ရေးအတွက် ဂျာမနီနှင့်ပူးပေါင်းရန် ဗြိတိန် စဉ်းစားလျက်ရှိ
ဗြိတိန်နိုင်ငံသည် ရုရှားနိုင်ငံ၏ နျူကလီးယား လက်နက်များကို တိုက်ခိုက်ဖျက်ဆီး နိုင်မည့် တာဝေးပစ်ဒုံးကျည် ထုတ်လုပ်ရန် ဂျာမနီနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် စဉ်းစားလျက် ရှိကြောင်း Times သတင်းစာက ဇူလိုင်လ ၂၆ ရက်တွင် ဖော်ပြသည်။
ဗြိတိန်နိုင်ငံသည် အကွာအဝေး ၂၀၀၀ တွင်ရှိသည့် ပစ်မှတ်များကို ပစ်ခတ်နိုင်မည့် ဒုံးကျည်များအား ထုတ်လုပ်ရန် စဉ်းစားနေခြင်းဖြစ်ပြီး အကယ်၍ ရုရှားနိုင်ငံက ၎င်းတို့၏ နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များအား အသုံးပြုရန် ဆုံးဖြတ်ခဲ့ပါက ယင်းလက်နက်များအား ဘာလင်မြို့မှ နေ၍ ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။
ဗြိတိန်နိုင်ငံသည် အဆိုပါအစီအစဉ်နှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလီ၏ ယခုရက်သတ္တပတ် အစောပိုင်းက သွားရောက်ခဲ့သည့် ဂျာမနီနိုင်ငံ ခရီးစဉ်တွင် ဂျာမနီအစိုးရနှင့် ဆွေးနွေးခြင်းဖြစ်သည်။ အဆိုပါခရီးစဉ်သည် NATO ကာကွယ်ရေးသည် ပထမဦးစားပေးအဖြစ် လုပ်ဆောင်ရေးကို တိုးမြှင့်ရန် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံ၏ နျူကလီးယား လက်နက်များအား တိုက်ခိုက်နိုင်မည့် ဒုံးကျည်များ ထုတ်လုပ်နိုင်မည်ဆိုပါက အဆိုပါဒုံးကျည်များအား ဂျာမနီတွင် ဖြန့်ကြက်မည်ဖြစ်ပြီး လာမည့် ၂၀၂၆ ခုနှစ်တွင် လက်ရှိဖြန့်ကြက်ထားသည့် အမေရိကန်၏ ဒုံးကျည်များ၏ နေရာတွင် အစားထိုးမည်ဖြစ်ကြောင်း သိရသည်။