စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အွန်လိုင်းပညာပေးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်း ဆွေးနွေး

 

 

စိုက်ပျိုးမွေးမြူရေးဆိုင်ရာ  အွန်လိုင်းပညာပေးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်း ဆွေးနွေး

 

နေပြည်တော်  ဇူလိုင်  ၂၆

    စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အွန်လိုင်းပညာပေးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးနည်းပညာနှင့်  အသိပညာပေး လုပ်ငန်းများကို သမားရိုးကျပညာပေးရေး နည်းလမ်းများအပြင်   နိုင်ငံတကာ၌ တွင်ကျယ်စွာ အသုံးပြုလျက်ရှိသော သတင်းအချက်အလက်နှင့်   ဆက်သွယ်ရေး နည်းပညာ(Information and Commun-ication Technology -ICTှ)ကို စနစ်တကျ အသုံးချနိုင်ရေး အားပေးမြှင့်တင်ဆောင်ရွက်သွားရန် လိုကြောင်း၊  Digital Media ကို တောင်သူလယ်သမားများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြရန်  အရေးကြီးကြောင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး ဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ပညာရှင်များက စိုက်ပျိုးမွေးမြူရေး ကဏ္ဍတိုးတက်စေရန် ပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်  လက်ရှိအသုံးပြုနေသော အွန်လိုင်းပညာပေးခြင်း လုပ်ငန်းအမျိုးမျိုးနှင့် အွန်လိုင်းပညာပေးရေး လုပ်ငန်းများ၏ အကျိုးသက်ရောက်မှုများ၊ အွန်လိုင်းပညာပေးရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နိုင်သော လုပ်ငန်းများ၊ နည်းလမ်းများကို  ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးချက်များအပေါ်  ဒုတိယဝန်ကြီးနှင့် ဆွေးနွေးပွဲသို့ ကိုယ်တိုင်ပါဝင် တက်ရောက်လာကြသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဇသသာ ဖြင့် တက်ရောက်လာကြသူများက  သိရှိလိုသည်များ  မေးမြန်းခြင်း၊ အကြံပြုသုံးသပ်တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။  

လယ်ယာကဏ္ဍ  ဖွံ့ဖြိုးတိုးတက်စေရန်  စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများအတွက် နည်းပညာနှင့် အသိပညာပေး လုပ်ငန်းများအပြင် လုပ်ငန်းခွင် အခက်အခဲများ၊ ပြဿနာများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ရန်နှင့် သတင်းအချက်အလက်များကို  အချိန်မီဖြန့်ဖြူးပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက  ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လစဉ်စကားဝိုင်း ဆွေးနွေးပွဲများကို ကျင်းပပေးလျက် ရှိကြောင်း သတင်းရရှိသည်။ 

Dates: 
Saturday, July 27, 2024 - 18:10