နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတို့သို့ ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့် ဇနီးများ သွားရောက် ဖူးမြော်ကြည်ညို

 

နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတို့သို့ ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့် ဇနီးများ သွားရောက် ဖူးမြော်ကြည်ညို

 

နေပြည်တော်  ဇူလိုင်  ၂၆

     အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံး  ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ဇနီးတို့သည် ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ ဇနီးများ၊ အဖွဲ့ဝင်များ၊ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့နှင့်အတူ   ယနေ့တွင်  နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့ကို သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  သွားရောက်ဖူးမြော် ကြည်ညိုရာ ဂေါပကအဖွဲ့က   ဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့်  အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊  လက်ရှိထိန်းသိမ်း ဆောင်ရွက်နေမှု၊ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေနှင့်  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုဗီဒီယို မှတ်တမ်းကို ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံရန်အတွက် အလှူငွေများကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ ရေချမ်းတို့ကို ကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုကာ  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရင်ပြင်တော်ပတ်လည်ရှိ စကျင် ကျောက်များဖြင့် အနုပညာလက်ရာ ကွဲပြားစွာ တည်ဆောက်ထားသည့်ဂန္ဓကုဋိတိုက် ၂၄ ဆောင်၊ အဋ္ဌကထာဋီကာကျမ်းစာများကို စကျင်ကျောက်ချပ်များပေါ်၌  ခေတ်မီ စက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ ျွသာညေငဖန ူညေါကေါန တို့ဖြင့်ကျောက်စာ တော်များ  ထွင်းထု ထည့်သွင်းထားသည့် ကျောက်စာရုံစေတီတော် အဆူ ၇၂၀ တို့ကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီးက   ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ဆင်းတုတော်နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဓာတ်ပုံတို့ကို  ဓမ္မလက်ဆောင်အဖြစ် ပေးအပ်သည်။

ထို့အတူ   ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ၏ ဇနီးများ သည် ယနေ့နံနက်ပိုင်းက နေပြည်တော်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုကြကာ စေတီတော်လိုဏ် အတွင်းရှိ မြန်မာလက်မှုအနုပညာများဖြင့် ထွင်းထုပူဇော်ထားသည့် ဗုဒ္ဓဖြစ်စဉ်တော်များနှင့် ဗုဒ္ဓရုပ်ပွားတော်များကို ကြည်ညိုပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြရာ  စေတီတော်ဂေါပက အဖွဲ့ဝင်များ လက်ခံရယူ၍ ပန်းပေါင်းစုံဆင်းတုတော်များကို ဓမ္မလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သည်။

ထို့နောက်  စေတီတော်ကြီးပရိဝုဏ် အတွင်း ရတနာဆင်ဖြူတော် အဆောင်ရှိ ဆင်ဖြူတော်များကို အစားအစာများ ကျွေးမွေးကြသည်။

ယင်းနောက် ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာအကြီးအကဲများ၏ ဇနီးများသည် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)သို့  သွားရောက်လေ့လာ ကြည့်ရှုကြပြီး   အမျိုးသားပြတိုက်သို့ ဆက်လက်သွားရောက် လေ့လာကြရာ ပြတိုက်တာဝန်ခံက ပြတိုက်နောက်ခံသမိုင်း အကျဉ်း၊ ပြတိုက်ဆိုင်ရာ အချက်အလက်များ၊ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့်  ပြကွင်းပြကွက်များကို  လိုက်လံ ရှင်းလင်း ပြသကြကြောင်း သိရသည်။

Dates: 
Saturday, July 27, 2024 - 18:27