ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ Best International Travel & Agency တို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် လာရောက်သော ထိုင်းနိုင်ငံသား ရိုက်ကူးရေး အဖွဲ့ဝင်များအား ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တွေ့ဆုံနှုတ်ဆက်

 

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ Best International Travel & Agency တို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် လာရောက်သော ထိုင်းနိုင်ငံသား ရိုက်ကူးရေး အဖွဲ့ဝင်များအား ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တွေ့ဆုံနှုတ်ဆက်

 

နေပြည်တော်  မတ်  ၂

   ထိုင်းခရီးသွား ဧည့်သည်များအနေဖြင့် ပိုမိုသိရှိလာရောက် လည်ပတ်စေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်ရယူထားသော Sai Swe  ကုမ္ပဏီ လီမိတက်နှင့် ထိုင်းနိုင်ငံရှိ Best Inter-national Travel & Agency တို့ပူးပေါင်းစီစဉ် ဆောင်ရွက်မှုဖြင့်  ထိုင်းနိုင်ငံသား ရိုက်ကူးရေးအဖွဲ့ဝင်များ   ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်နှင့် ပုဂံမြို့ရှိ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားသော နေရာများကိုရိုက်ကူးရန်  ခရီးစဉ်ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့လာရောက်လျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင်  ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်၍  ခရီးသွားမြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များကို ရိုက်ကူးလျက်ရှိသော ထိုင်းနိုင်ငံသား ရိုက်ကူးရေးအဖွဲ့ဝင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

ထိုသို့တွေ့ဆုံစဉ်   ဒုတိယဝန်ကြီးက ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား အစိုးရ၊ ပုဂ္ဂလိကခရီးသွား လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုဖြင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဆောင်ရွက်မှုများကို စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုခရီးစဉ်သည် ခရီးသွားမြှင့်တင်ရေး အစီအစဉ်တစ်ခုဖြစ်သဖြင့် နှစ်နိုင်ငံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ ယခုကဲ့သို့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့  လာရောက်ဖူးမြော်၍ ရိုက်ကူးရေး အစီအစဉ်များ ပြုလုပ်ခြင်းကို ကြိုဆိုကြောင်း၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှာ  ကမ္ဘာပေါ်ရှိ  ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ကြောင်း၊ ရိုက်ကူးရာတွင် ဘုရားကြီး ရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များ၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ထားရှိသော မော်ကွန်းတိုက်၊ ကျောက်စာရုံစေတီတော်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိက အဆောက်အအုံများကိုပါ စုံလင်စွာရိုက်ကူး ပေးကြစေလိုကြောင်း၊ ခရီးစဉ်တစ်လျှောက် ပျော်ရွှင်ချောမွေ့ ပါစေကြောင်း ဆုမွန်ကောင်း တောင်း၍ တွေ့ဆုံနှုတ်ဆက်သည်။

ဆက်လက်၍ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့  တာဝန်ရှိသူက ဘုရားကြီးအား တည်ထားကိုးကွယ် ပူဇော်ရခြင်း ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှု၊ ပြည်တွင်းပြည်ပဘုရားဖူး ခရီးသွားများ လာရောက်ဖူးမြော်မှုတို့ကို ရှင်းလင်းပြောကြားပြီး ထိုင်းဘာသာစကားဖြင့် ပြုလုပ်ထားသော မှတ်တမ်းဗီဒီယိုကို ပြသသည်။

အဆိုပါရိုက်ကူးရေး အဖွဲ့သည် နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ရတနာဆင်ဖြူတော်များ၊ လွှတ်တော်၊ ပုဂံဒေသရှိ  ပုဂံရှုခင်းအလှနှင့်  ပုဂံဒေသ၏နေထွက် ရှုခင်းအလှများကို ရိုက်ကူးရေး ဆောင်ရွက်ပြီး ထိုင်းနိုင်ငံတွင် ထုတ်လွှင့်လျက်ရှိသော Channel 8 ရုပ်သံလိုင်းနှင့် အခြားလူမှု ကွန်ရက်များမှတစ်ဆင့်  ထိုင်းခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက် လည်ပတ်နိုင်စေရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။