ကန်ကြီးထောင့်မြို့နယ် ကမ်းနားလမ်း ဒါးကမြစ်ကမ်းဘေးရှိ အိမ်ထောင်စု(၈)စုအား ယာယီရေဘေးရှောင်စခန်းသို့ ရွှေ့ပြောင်းကူညီ
ကန်ကြီးထောင့် ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် အမှတ်(၁)ရပ်ကွက် ကမ်းနားလမ်း ဒါးကမြစ်ကမ်းဘေးရှိ နှစ်စဉ်ရေဝင်နေကျ အိမ်ထောင်စုများအနက် အိမ်ထောင်စုရှစ်စုအား ယနေ့နံနက် ၉ နာရီတွင် မင်္ဂလာရာမဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းသို့ တာဝန်ရှိသူများက ကူညီရွှေ့ပြောင်း ပို့ဆောင်ပေးခဲ့ကြသည်။
ထိုသို့ ရွှေ့ပြောင်းပို့ဆောင်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးနှင့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အသင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အမှတ်(၁)ရပ်ကွက် ကမ်းနားလမ်း ဒါးကမြစ်ကမ်းဘေးရှိ နှစ်စဉ်ရေဝင်နေကျ အိမ်ထောင်စုများအနက် အိမ်ထောင်စု ရှစ်စုတွင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၃၂ ဦးတို့အား မင်္ဂလာရာမဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းသို့ ရွှေ့ပြောင်း ပို့ဆောင်ပေးခဲ့ကြသည်။
အဆိုပါပြည်သူများအား မြို့နယ်အစီအစဉ်ဖြင့် အိမ်ထောင်စု တစ်စုလျှင် ဆန် ၁ ပြည်၊ ဆီ ၅၀ သား၊ ရေသန့် ၁ ဘူး၊ ခေါက်ဆွဲခြောက်၂ ထုပ်စီတို့ကို တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။