ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမ လုပ်ငန်းများဆောင်ရွက်နေမှု ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကွင်းဆင်းစစ်ဆေး

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမ လုပ်ငန်းများဆောင်ရွက်နေမှု ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကွင်းဆင်းစစ်ဆေး

 

နေပြည်တော်  ဇူလိုင်  ၂၇

      သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်   ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဇလွန်မြို့နယ် အဗျဉ်းလယ်ဦး ကျေးရွာသို့သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး ဆောင်ရွက်ပေးမှု၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မျိုး၊ ဓာတ်မြေသြဇာ၊ သွင်းအားစုများထောက်ပံ့ပေးမှု၊ အသေးစား တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများအတွက် သမဝါယမ အသင်းရန်ပုံငွေများ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများဖြင့်   လိုအပ်သည့် မတည်ရင်းနှီးငွေများ ပံ့ပိုးဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားကာ ကျေးရွာတောင်သူများ၏    တင်ပြချက်များကို  ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၃၀၀ နှင့် ခေတ်မီစံပြကျေးရွာထူထောင်ခြင်း စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၃၀၀ တို့ကို ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ပြီး ကျေးရွာပိုင်မြေပေါ်၌ ခရေ၊ ကံ့ကော်၊ မန်ဂျန်ရှား၊ ပိတောက်၊ ရေတမာ၊ ကျွန်း စသည့် နှစ်ရှည်ပင်များ စိုက်ပျိုးပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဆင-ဆုံကုန်း-ထန်းပင်ကန် ကျေးရွာချင်းဆက် လမ်းအား ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အင်္ဂပူမြို့ မြို့နယ်ခန်းမ၌ ဆောင်းဆီထွက် သီးနှံစိုက်ပျိုးမည့် တောင်သူများ၊ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ပြည်ပမှ  စားသုံးဆီတင်သွင်းမှု လျှော့ချရန်အတွက် ဆီထွက်သီးနှံ မြေပဲနှင့်နေကြာ တိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်နေမှု၊ ချေးငွေများအား သတ်မှတ်ကာလအတွင်း အပြေအကျေပေးသွင်းရန် လိုအပ်မှုအခြေအနေ များကို ရှင်းလင်းပြောကြားပြီး မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ စသည့်မြို့နယ်သုံးမြို့နယ်ရှိ သမဝါယမအသင်း ၃၆ သင်း၏ စိုက်ဧက ၁၄၁၁ ဧကအတွက် ဆီထွက်သီးနှံ မိုးနေကြာ စိုက်ပျိုးထုတ်လုပ်ရန် အရင်းမပျောက် မတည်ငွေများကို အသင်းသားတောင်သူများထံ လွှဲပြောင်းပေးအပ်ကာ တောင်သူများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ် အုတ်ဖိုကျေးရွာသို့ ရောက်ရှိပြီး တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ကြီးမှူး၍ သင်တန်းသူ ၂၀ ဦးအား ဖွင့်လှစ်ပို့ချလျက် ရှိသော အခြေခံစက်ချုပ် နည်းပညာသင်တန်း သင်တန်းသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ သင်တန်းပြီးဆုံးပါက အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများကို လုပ်ငန်းသုံးပစ္စည်းများ မတည်ရင်းနှီးပေးမည် ဖြစ်ကြောင်း၊ ကျေးရွာများရှိ  Grade-9 အောင်မြင်ပြီးသူများ    ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများတွင် အခမဲ့ တက်ရောက်နိုင်ကြောင်း  ပြောကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Sunday, July 28, 2024 - 17:52