ပဲခူးမြို့ရှိ ပဲခူးမြစ်ရေဘေး ကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှု အခြေအနေအား ကြည့်ရှုစစ်ဆေး
ပဲခူး ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းတွင် အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ရှိ ပဲခူးမြစ်ရေဘေး ကာကွယ်ရေးတာများ၏ကြံ့ခိုင်မှုအခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြစ်ရေဘေး ကာကွယ်ရေးတာ တစ်ခုဖြစ်သည့် ပန်းလှိုင်ရေတားတာ၌ ရေဘေးကြိုတင်ကာကွယ် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ရေကျော်နိုင်သည့် တာအနိမ့်ပိုင်းနေရာများတွင် သဲအိတ်များ ကြိုတင်စုပုံထားရန်၊ ရေတားတာတစ်လျှောက် ရေကင်းများ စနစ်တကျထားရှိပြီး စောင့်ကြည့်စစ်ဆေးရန်၊ ဖြစ်ပေါ်လာနိုင်သည့် မြစ်ရေမြင့်တက်နိုင်မှု အခြေအနေအား တွက်ဆ၍ လူအသင့်၊ စက်ရေယာဉ်အသင့်၊ ပြောင်းရွှေ့ပေးရန် မော်တော်ယာဉ်အသင့် ထားရန်နှင့် ရေဘေးကာကွယ်ရေး တာများ၏ ကြိုတင်ရေဘေးကာကွယ်ရေး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ ပါဝင်သည့်အဖွဲ့များ ဖွဲ့စည်းစောင့်ကြည့်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပဲခူးမြစ်ရေဘေး ကာကွယ်ရေးတာများဖြစ်သည့် ကျောက်ကြီးရပ်ကွက်ရှိ ကျောက်ကြီးစုတာနှင့် ညောင်ဝိုင်းရပ်ကွက်ရှိ ညောင်ဝိုင်းတာများ၏ ရေဘေးကြိုတင် ကာကွယ်ရေးပြင်ဆင်ထားရှိမှုနှင့် တာကြံ့ခိုင်မှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ပဲခူးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်၈၈၀ စင်တီမီတာအထက်ကျော်လွန်ကာ ၉၃၀ စင်တီမီတာအထိရောက်ရှိနေပြီဖြစ်၍ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်လျက်ရှိပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လိုအပ်သည်များ အနီးကပ်ကြီးကြပ်ပံ့ပိုး ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။