မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဆုံးဖြတ်ချက် ပြန်လည်ပြင်ဆင်ပြီး အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် စီစဉ်
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ၎င်း၏ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပြီး အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရ သည်။
အသက် ၅၃ နှစ်အရွယ် နည်းပြဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ၂၀၁၆ ခုနှစ်က စတင်တာဝန်ယူ ကိုင်တွယ်ပြီး အသင်းကို အောင်မြင်မှုများစွာရယူပေး နိုင်ခဲ့ကာ ဥရောပထိပ်တန်း အသင်းတစ်သင်းအဖြစ် ရပ်တည်အောင် စွမ်းဆောင် ပေးနိုင်ခဲ့သူဖြစ်သည်။
နည်းပြဂွါဒီယိုလာသည် မန်စီးတီးအသင်းကို တာဝန်ယူ ကိုင်တွယ်ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆု ဖလားခြောက်ကြိမ် ဆွတ်ခူးပေးနိုင်သည့်အပြင် ချန်ပီယံ လိဂ်ဖလားတစ်ကြိမ်နှင့် တခြားဆုဖလားများစွာကိုလည်း ဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်သည်။
နည်းပြဂွါဒီယိုလာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နောက်ဆုံးလေးရာသီဆက် ချန်ပီယံဆုဖလား ဆွတ်ခူး ပေးနိုင်ခဲ့သကဲ့သို့ အင်္ဂလန်နိုင်ငံတွင်လည်း မန်ယူ အသင်းဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ပြီးလျှင် တစ်ရာသီအတွင်း ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားနှင့် အက်ဖ်အေဖလား ဆွတ်ခူးပေးနိုင်သည့် ဒုတိယမြောက် နည်းပြအဖြစ်ပါ မှတ်တမ်းဝင်ထားသူဖြစ်သည်။
လက်ရှိမန်စီးတီးအသင်းနှင့် နည်းပြဂွါဒီယိုလာတို့ စာချုပ်သက်တမ်းမှာ တစ်နှစ်သာ ကျန်ရှိတော့ပြီး မန်စီးတီးအသင်းက အစောပိုင်းကတည်းက သက်တမ်း တိုးစာချုပ် ချုပ်ဆိုလိုသော်လည်း နည်းပြဂွါဒီယိုလာက လက်ရွေးစင်အသင်း တစ်သင်းကို တာဝန်ယူကိုင်တွယ်လိုသည့်အတွက် မန်စီးတီးအသင်း၏ သက်တမ်း တိုးစာချုပ်အတွက် ကမ်းလှမ်းမှုများကို ငြင်းပယ်ထားပြီး အင်္ဂလန်အသင်းနည်းပြအဖြစ်လည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
သို့သော် နည်းပြဂွါဒီယိုလာက လက်ရှိတွင် ၎င်း၏ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပြီး လာမည့်ဘောလုံး ရာသီသစ်မတိုင်မီ အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။