ဒစ်ဂျစ်တယ်စွမ်းရည်နှင့် ဒစ်ဂျစ်တယ် ရင့်ကျက်ပြည့်စုံမှု
အယ်ဒီတာ့အာဘော်
(၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၉ ရက်)
မြန်မာနိုင်ငံတွင် ICT နည်းပညာများ စနစ်တကျဖွံ့ဖြိုးလာစေရန် ရည်ရွယ်လျက် ၂၀၀၅ ခုနှစ်တွင် ပထမ Myanmar ICT Development Master Plan ၊၂၀၁၀ ပြည့်နှစ်တွင် ဒုတိယ Myanmar ICT Development Master Plan တို့ကို ရေးဆွဲ အသုံးပြုခဲ့သည်။ ထို့နောက် e-Government လုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်ရန် အတွက် ၂၀၁၆ ခုနှစ်တွင် Myanmar e-Governance Master Plan(2016-2020) ကို ဆက်လက်ရေးဆွဲခဲ့သည်။ အဆိုပါရေးဆွဲခဲ့သည့် Master Plan များတွင် ပါဝင်သည့် e-Government လုပ်ငန်းစဉ်များကို အစိုးရဌာန အဖွဲ့အစည်းများ အသီးသီးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယခုအခါတွင် နိုင်ငံတော်ကချမှတ်သည့် မူဝါဒသစ်များ၊ ဒစ်ဂျစ်တယ် နည်းပညာသစ်များ လျင်မြန်စွာပြောင်းလဲမှုတို့နှင့် ကိုက်ညီမှုရှိစေရန်အတွက် ယခင်ကရေးဆွဲခဲ့သည့် e-Governance Master Plan (2016-2020) ကိုပြန်လည်ဆန်းစစ် ဖြည့်စွက်ပြင်ဆင်ပြီး ''Myanmar e-Governance Master Plan(2030)''ကို မူကြမ်းရေးဆွဲခဲ့ပြီးဖြစ်သည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် အစိုးရ၏ သတင်းအချက်အလက် များနှင့် ဝန်ဆောင်မှုများကို Myanmar National Portal? Myanmar National Trade Portal စသည့် National Portalများနှင့် အစိုးရဝန်ကြီးဌာနများ အသီးသီး၏ အင်တာနက်စာမျက်နှာများမှ တစ်ဆင့် ပြည်သူများ လွယ်ကူချောမွေ့စွာရရှိနိုင်ရန် ဖြန့်ဖြူးပေးခြင်းများကို ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။
e-Government ဦးဆောင်ကော်မတီနာယက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင်လ ၂၆ ရက်က ကျင်းပသည့် e-Government ဦးဆောင်ကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အမှာစကားပြောကြားစဉ် “ယနေ့ကမ္ဘာတွင် ဒစ်ဂျစ်တယ်အသွင်ကို အောင်မြင်စွာ ကူးပြောင်းနိုင်သည့် နိုင်ငံများသည် လျင်မြန်စွာဖွံ့ဖြိုး တိုးတက်လာနေသည်ကို အထင်အရှား တွေ့မြင်ရကြောင်း၊ နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ ပိုမိုကျယ်ပြန့်ပြီး ပိုမိုလုံခြုံစိတ်ချရသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ပေးနိုင်ခြင်းဆိုသည့် အချက်ပေါ်တွင် မှီတည်နေကြောင်း၊ ဒစ်ဂျစ်တယ်အစိုးရ ဆိုသည်မှာ ဒစ်ဂျစ်တယ်စွမ်းရည်နှင့် ဒစ်ဂျစ်တယ်ရင့်ကျက် ပြည့်စုံမှုများဆီကို ဦးတည်ရမည်ဖြစ်ခြင်းကြောင့် ယခင်ဆယ်စုနှစ်များက ကြိုးပမ်းအကောင်အထည် ဖော်ခဲ့သည့် e-Government ၏ပုံရိပ်ကို တိုးမြှင့်ပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် မျှော်မှန်းသည့် Digital အခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင်နိုင်ရန်အတွက် လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းများအတွက် ဒစ်ဂျစ်တယ် နည်းပညာများ၏ ခြိမ်းခြောက်မှုနှင့် အန္တရာယ်များ လျော့ပါးလာစေရေးနှင့် ပြည်သူဗဟိုပြုသည့် e-Government ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး တို့ကို မျက်ခြည်မပြတ်ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။ နည်းပညာများ မြန်ဆန်စွာဖွံ့ဖြိုး တိုးတက်လာခြင်းကြောင့် အကျိုးကျေးဇူးများရှိသကဲ့သို့ တစ်ဖက်တွင်လည်း ဆိုက်ဘာတိုက်ခိုက်မှု၊ ဆိုက်ဘာရာဇဝတ်မှုများ သိသိသာသာမြင့်တက်လာပြီး အစိုးရ အဖွဲ့အစည်းများသည် ဆိုက်ဘာလုံခြုံရေးနှင့် စပ်လျဉ်းသည့် အန္တရာယ်များနှင့် ပိုမိုရင်ဆိုင်လာရသည်ကိုလည်း သတိပြုကြရမည်ဖြစ်သည်။ ထို့ကြောင့် ဆိုက်ဘာလုံခြုံရေး အစီအမံများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒကို ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် အွန်လိုင်းအသုံးပြုပြီး လုပ်ငန်းဆောင်ရွက်မှုများ ကျယ်ပြန့်များပြား လာသည်နှင့်အမျှ အီလက်ထရွန်နစ်နည်းလမ်းနှင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်မှု၊ ငွေပေးချေမှု၊ ငွေတောင်းခံမှု၊ ငွေကြေးဆိုင်ရာ အချက်အလက်များ ပေးပို့မှုစသည့် Digital Payment များကိုပိုမို အသုံးပြုနိုင်မှုများ မြင့်တက်လာသကဲ့သို့ တရားဝင်မှုနှင့် စစ်ဆေးခံနိုင်မှုများက စိန်ခေါ်မှုများအဖြစ်တွေ့ရှိရသည်။ ထို့ပြင် အရေးကြီးသည့်၊ ထိခိုက်မခံသည့် သတင်းအချက်အလက်များ ပျက်စီးဆုံးရှုံးခြင်းက ကာကွယ်ရန် Backup စနစ်များ၊ Disaster Recovery စနစ်များ တည်ဆောက်ထားရှိရန်လည်း လိုအပ်လျက်ရှိသည်။
e-Government စနစ်များကို တည်ဆောက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်၊ ငွေကြေးအရင်းအမြစ်၊ သဘာဝအရင်းအမြစ် စသည့် အရင်းအမြစ်များ လိုအပ်သည်။ နိုင်ငံတော်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် နည်းပညာကျွမ်းကျင်သည့် ဝန်ထမ်းများ လေ့ကျင့်မွေးထုတ်ပေး၍ မိမိတို့နိုင်ငံ၏ သတင်းအချက်အလက်များကို လုံခြုံမှုရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် တစ်ကမ္ဘာလုံးရှိ ဘာသာစကားအားလုံးကို ကွန်ပျူတာ စနစ်အမျိုးမျိုးတွင် ရေးဖတ်နိုင်သည့်၊ အပြန်အလှန်တွဲဖက် အသုံးပြုနိုင်သည့် ပိုမိုပြည့်စုံသော ယူနီကုတ်စနစ်ကို ပြောင်းလဲ အသုံးပြုနိုင်ခဲ့ပြီဖြစ်သည်။
အနှစ်ချုပ်ဆိုရသော် e-Government စနစ် ပိုမိုဖွံ့ဖြိုး တိုးတက်လာပါက အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ICT နည်းပညာကိုအသုံးပြု၍ ၎င်းတို့၏ဝန်ဆောင်မှုများကို သုံးစွဲသူပြည်သူများသို့ လည်းကောင်း၊ စီးပွားရေးအဖွဲ့အစည်းများသို့ လည်းကောင်း၊ ဌာနဆိုင်ရာများသို့ လည်းကောင်း၊ အင်တာနက်မှတစ်ဆင့် ထိရောက်မြန်ဆန်စွာ ဝန်ဆောင်မှု ပေးလာနိုင်မည်ဖြစ်သည်။ ထိုသို့ ICT နည်းပညာဖြင့် ဝန်ဆောင်မှုပေးခြင်းသည် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနည်းလမ်းသစ်ကို ဖန်တီးခြင်းဖြစ်ပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်လျှင် လုပ်ငန်းစဉ်ပြီးမြောက်မှုမြန်ဆန်လာပြီး ပွင့်လင်းမြင်သာမှုများ ရှိလာမည်ဖြစ်သည်။ လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း အသေးစိတ်သေချာစွာ သိရှိနိုင်ပြီး အဂတိလိုက်စားမှုများလည်း လျော့နည်းလာမည်ဖြစ်သည်။
ပြည်သူနှင့်အစိုးရကြား ယုံကြည်မှုနှင့်ကျေနပ်မှုကို တည်ဆောင်နိုင်မည်ဖြစ်ပေသည်။ ထို့ကြောင့် ဒီဂျစ်တယ် စွမ်းရည်နှင့်ဒီဂျစ်တယ် ရင့်ကျက်ပြည့်စုံမှုရှိအောင် ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းအပ်ပါသည်။ ။