ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ပုဂံခေတ် ရေအရင်းအမြစ်ဆိုင်ရာ ရေလမ်းကြောင်း၊ ရေကန်များ၊ ရှေးဟောင်း သာသနိက အဆောက်အအုံများ၊ ပုဂံမြို့ဟောင်းကျုံး တူးဖော်ထိန်းသိမ်းမှုများနှင့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအား ပြည်ထောင်စုဝန်ကြီးများ လှည့်လည်ကြည့်ရှု စစ်ဆေး

 

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ပုဂံခေတ် ရေအရင်းအမြစ်ဆိုင်ရာ ရေလမ်းကြောင်း၊ ရေကန်များ၊ ရှေးဟောင်း သာသနိက အဆောက်အအုံများ၊ ပုဂံမြို့ဟောင်းကျုံး တူးဖော်ထိန်းသိမ်းမှုများနှင့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအား ပြည်ထောင်စုဝန်ကြီးများ လှည့်လည်ကြည့်ရှု စစ်ဆေး

 

နေပြည်တော်  ဇူလိုင်  ၂၈

      နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီး   ဦးရွှေဇင်တို့သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်    မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်   အင်တောကျေးရွာ ၈ လက်မ စက်ရေတွင်းတူးဖော်မှု၊  ဆည်ပေါက်ရှိ စက်ရေတွင်းများ တူးဖော်ရန်လျာထားမှု၊ မြို့ရေပေးဝေမှု၊ ကျောက်ပန်းတောင်းမြို့၏     အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာရှိ ကျွန်းခင်းကြီး ရေလှောင်တမံအမှတ်(၂) အလျား ပေ ၂၇၀၀၊ အမြင့် ပေ ၇၀ တည်ဆောက်ရန်   လျာထားမှု အခြေအနေတို့ကို    လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ်    ပြည်ထောင်စုဝန်ကြီးများက မြို့ရေပေးဝေရေး၊ ပိုက်လိုင်းများ ပြန်လည်သွယ်တန်းနိုင်ရေး   Plan ရေးဆွဲဆောင်ရွက်ရန်၊ မြို့နေလူထု အနေဖြင့်လည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးရန်နှင့်  တည်ဆောက်ဆဲ ကျွန်းခင်းကြီး ရေလှောင်တမံတွင် ဂါလန် တစ်သိန်းဆံ့ကန်ကို တည်ဆောက်၍ ဆိုလာစနစ်ဖြင့် ရေစုပ်ယူရန်နှင့်   ကျောက်ပန်းတောင်းမြို့ ရေပေးဝေရေး ဆောင်ရွက်ရန်  မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် ညောင်ဦးမြို့နယ်ရှိ   မြကန်ပြုပြင် ထိန်းသိမ်းနေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက  နိုင်ငံတော်အကြီးအကဲ၏    လမ်းညွှန်ချက်ဖြစ်သည့် မြကန်ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ခြင်းနှင့်တုရင်တောင်စိမ်းလန်း စိုပြည်ရေးအတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒေသမျိုးရင်း သစ်မျိုးများဖြင့် ကွန်တိုပေါင် စိုက်ပျိုးဆောင်ရွက်ခြင်းများကို  ငါးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်ရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ ၂၃၅ ပေါင်တွင်  ၇၇၉ ပင် စိုက်ပျိုးထားမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တာဝန်ရှိသူများက နိုင်ငံတော်အကြီးအကဲ၏    လမ်းညွှန်ချက်အရ သမ၀ါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဆောင်ရွက်သည့် ကုန်းတန်းကြီးကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း ၁ မိုင် ၄ ဖာလုံနှင့် ဆက်စပ်လုပ်ငန်းများ၊ ဖျောက်ဆိပ်ပင် ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ၃ ဖာလုံ၊ အရှေ့ဖွားစောကျေးရွာအဝင်မှ ဇယဝေရီကန်အထိ ဂျင်းကျောက်ခင်းခြင်း လုပ်ငန်း ၁ မိုင် ၂ ဒသမ ၃ ဖာလုံနှင့် ဆက်စပ်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ  ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ရန်ပုံငွေဖြင့်  ဆယ်ယူပြုပြင် ထိန်းသိမ်းခဲ့သည့် ဖျောက်ဆိပ်ပင်ကန်   (၁)၊ (၂)၊  (၃) နှင့် ကျောက်အိုးကန်တို့ကို ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ မှာကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆယ်ယူထိန်းသိမ်း ခဲ့သည့်  ဇယဝေရီကန်နှင့် မင်္ဂလာကန် (၃) တို့ကို လည်းကောင်း၊ နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်အရ   ရှေးဟောင်းရေကန် ကန်ပေါင်နှင့် အနီးဝန်းကျင်နေရာများတွင် မူလသစ်ပင်ချုံနွယ်များနေရာ၌ မန်ကျည်းပင်၊ တမာပင်များ အစားထိုး စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်မှုများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး    ဇယဝေရီကန်နှင့် မင်္ဂလာကန်(၃)ပတ်ဝန်းကျင်တွင် မန်ကျည်းပင်နှင့် တမာပင်များ    စိုက်ပျိုးပေးကြသည်။

ယင်းနောက်   တာဝန်ရှိသူတစ်ဦးက နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ  ဆောင်ရွက်လျက်ရှိသည့် မင်းနန်သူကျေးရွာ အဝင်လမ်း ၂ မိုင် ၃ ဖာလုံမှ အာနန္ဒာဘုရားသို့ သွားသောလမ်းပေါ်၌     ဂျင်းကျောက်လမ်း နမူနာခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများက   နိုင်ငံတော်အကြီးအကဲသည် ယဉ်ကျေးမှုအမွေအနှစ်များကို အလေးထား၍ တန်ဖိုးထားထိန်းသိမ်း အားပေးသည်နှင့်အညီ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနှင့်  ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့ကို ဟန်ချက်ညီညီဖြင့် ဆောင်ရွက်ရန်၊ မပြီးပြတ်သေးသော ဆောင်ရွက်ဆဲ လမ်းညွှန်ချက်များကို တွန်းအားပေး ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တူးဖော်ဆယ်ယူလျက်ရှိသည့် ပြာသာဒ်ကန် (ကန်သစ်ကန်)၊ ပုဂံမြို့ဟောင်းအရှေ့ဘက်ကျုံးတောင်ဘက် ခြမ်း တူးဖော်မှုနှင့်   မြောက်ဘက်ကျုံး တူးဖော်ရန်လျာထား ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးက ရေလမ်းကြောင်း ပြန်လည်ဖော်ထုတ်ခြင်းတွင် ရေလမ်းကြောင်း သုံးကြောင်း ခွဲခြားဆောင်ရွက်မှု၊ ကွင်းဆင်း၍ အသေးစိတ်တိုင်းတာ    တွက်ချက်ရရှိလာသော ရေလမ်းကြောင်း သုံးခုလုံး၏ Topographic Map အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပုံစံဒီဇိုင်းထုတ်ယူနိုင်ရေး အတွက် ရေးဆွဲပေးနေကြောင်း၊ အဆိုပါ အချက်အလက်များကိုလည်း ကမ္ဘာ့အမွေအနှစ် စင်တာသို့ ပေးပို့မည့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ State of   Conservation   အစီရင်ခံစာတွင်ထည့်သွင်းသွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် ရေလမ်းကြောင်း အမှတ်(၁)၏ အဆုံးဖြစ် သော ပုဂံမြို့ဟောင်း မြောက်ဘက်ကျုံးမှ ဧရာဝတီမြစ်အတွင်းသို့   စီးဆင်းသည့် လမ်းကြောင်းတစ်လျှောက်အတိုင်း   သွားရောက်ကြည့်ရှုပြီး ရေလမ်းကြောင်းအမှတ် (၂)၏အဆုံးဖြစ်သည့် ဧရာဝတီမြစ်တွင်းသို့ စီးဝင်သော ဝက်ကြီးအင်းချောင်း အရှည် ၃၀၇၅ ပေ၊ အောက်ပိုင်းအကျယ် ပေ ၈၀ နှင့် အပေါ်ပိုင်း  ပေ ၅၀ ကို  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက တူးဖော်ထိန်းသိမ်း ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ မြစ်ရေတိုးမှုကာကွယ်နိုင်ရန် စီမံဆောင်ရွက်ရန်   ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Monday, July 29, 2024 - 09:51