ရလဒ်အခြေပြု ဆေးပညာသင်ကြားရေးမှသည် အရည်အသွေး ပြည့်ဝသော ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များဆီသို့
(၁၁) ကြိမ်မြောက် ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲ ဂုဏ်ပြုဆောင်းပါး
ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (Sustainable Develop- ment Goals-SDG 2030)တွင်ပါရှိသော ကျန်းမာရေးကဏ္ဍနှင့် သက်ဆိုင်သည့် ပန်းတိုင် အမှတ်စဉ်-၃ ဖြစ်သည့် အသက်အရွယ်မရွေး လူတိုင်းကျန်းမာသည့် ဘဝရရှိစေရေးဆိုသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ဘက်စုံလွှမ်းခြုံသော လူတိုင်း လက်လှမ်းမီ ကျန်းမာရေးစောင့်ရှောက်မှု စနစ် (Universal Health Coverage) ကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးသည်လည်း မိမိတို့နိုင်ငံတွင် Universal Health Coverage ရရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဘက်စုံလွှမ်းခြုံသော လူတိုင်းလက်လှမ်းမီ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို အကောင်အထည်ဖော်ရာတွင် အခြေခံအကျဆုံး၊ အရေးအကြီးဆုံးနှင့် စိန်ခေါ်မှုအမြင့်မားဆုံး ကိစ္စရပ်မှာ အရည်အသွေးပြည့်ဝသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ လုံလောက်စွာ မွေးထုတ်ခန့်ထားရေးပင်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံ၏ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်အပေါ် မူတည်၍ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်ရေး မဟာဗျူဟာစီမံကိန်းများနှင့်အညီ မိမိနိုင်ငံ၏ ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ရည်ရွယ်မွေးထုတ်ကြခြင်းပင် ဖြစ်သည်။ သို့သော် လုံလောက်စွာ မွေးထုတ်နိုင်ခြင်း မရှိသည့်အတွက် ဖွံ့ဖြိုးပြီးနိုင်ငံများ အထူးသဖြင့် The Organization for Economic Co-operation and Development (OECD) အဖွဲ့ဝင်နိုင်ငံများသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ မွေးထုတ်ထားသော ကျန်းမာရေး လူ့စွမ်းအားများကို ခေါ်ယူခန့်ထား နေကြသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျန်းမာရေး လူ့စွမ်းအား မလုံလောက်မှုများကို ပိုမိုရင်ဆိုင်နေရသည်။
Sustainable Development Goals-SDG 2030 ရည်မှန်းချက်များ ပြည့်မီရေးအတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ သတ်မှတ်မှုအရ ဆရာဝန်၊ သူနာပြု၊ သားဖွားအရေအတွက်သည် ၂၀၁၅ ခုနှစ်တွင် လူဦးရေ တစ်သောင်းလျှင် ၂၂ ဒသမ ၈ ဦး ရှိရမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ၄၄ ဒသမ ၅ ဦး ရှိရန်လိုအပ်သည်။ ၂၀၁၉ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံ၏ ကျန်းမာရေး လူ့စွမ်းအား အခြေအနေမှာ လူဦးရေတစ်သောင်းလျှင် ၁၆ ဒသမ ၈ ဦးသာ ရှိသည့်အတွက် အခြားနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံသည်လည်း သတ်မှတ်ချက်ပြည့်မီစေရေး များစွာ လိုအပ်နေဦးမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွက် လိုအပ်သော ကျန်းမာရေး လူ့စွမ်းအားများကို ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ အဓိက မွေးထုတ်ပေးလျက်ရှိသည်။ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေးလူ့စွမ်းအားများ တိုးမြှင့်မွေးထုတ်နိုင်ရန်အတွက် ဆေးတက္ကသိုလ်နှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ်/သင်တန်းကျောင်းများကို စဉ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန အောက်တွင် ၁၉၈၈ ခုနှစ်မတိုင်မီက ဆေးတက္ကသိုလ် သုံးခု၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တစ်ခုနှင့် သူနာပြုနှင့်သားဖွား သင်တန်းကျောင်း ၂၅ ကျောင်းသာ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် အသစ်ဖွင့်လှစ်ခဲ့သော Naypyitaw State Academy , Faculty of Medicine အပါအဝင် ယခုအခါ ဆေးတက္ကသိုလ် ငါးခုနှင့် ဆေးပညာမဟာဌာနကြီး တစ်ခု စုစုပေါင်း ခြောက်ခု၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နှစ်ခု၊ သူနာပြုတက္ကသိုလ်နှစ်ခု၊ ဆေးဝါးတက္ကသိုလ်နှစ်ခု၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်နှစ်ခု၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်တစ်ခု၊ အခြေခံကျန်းမာရေး တက္ကသိုလ်တစ်ခုနှင့် တိုင်းရင်းဆေးတက္ကသိုလ်တစ်ခု၊ စုစုပေါင်းတက္ကသိုလ် ၁၇ ခု၊ သူနာပြု/သားဖွား နှီးနွှယ်သင်တန်းကျောင်း ၅၃ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်မွေးထုတ်လျက်ရှိသည်။ အဆိုပါကျောင်းများမှ ဆေးပညာဘွဲ့ရ ၄၇၆၈၆ ဦး၊ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရ ၅၅၂၁ ဦး၊ ဆေးဝါးသိပ္ပံဘွဲ့ ၄၃၄၄ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ ၄၆၄၈ ဦး၊ သူနာပြုသိပ္ပံဘွဲ့ ၁၀၂၄၀ဦး၊ သူနာပြုနှင့် သားဖွားဆိုင်ရာ ဒီပလိုမာဘွဲ့ ၈၃၅၁၂ ဦး၊ အမျိုးသမီးကျန်းမာရေး ဆရာမ ၅၃၁၇ ဦး၊ ကျန်းမာရေးသိပ္ပံဘွဲ့(အခြေခံကျန်းမာရေး) ၂၄၂၀ ဦး၊ လက်ထောက် ကျန်းမာရေးမှူး ၂၅၁၅ ဦး၊ ပြည်သူ့ ကျန်းမာရေးကြီးကြပ်(၁) ၃၀၀၈ ဦး၊ အရေးပေါ် သူနာပြုစုမှုပညာ လက်မှတ်ရ ၁၁၃ ဦးတို့ကို အောင်မြင်စွာ မွေးထုတ်နိုင်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ဘွဲ့လွန်ဒီပလိုမာ ဘွဲ့ရ ၃၈၂၂ ဦး၊ မဟာသိပ္ပံဘွဲ့ရ ၁၁၂၁၄ ဦး၊ ပါရဂူဘွဲ့ရ ၁၆၂၁ ဦးတို့ကို လေ့ကျင့်မွေးထုတ်နိုင်ခဲ့ပြီးဖြစ်သည်။
ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရာတွင် တက်ရောက်လိုသူ အရေအတွက် ရရှိရေးအတွက် အခက်အခဲမရှိသော်လည်း လေ့ကျင့်ပြုစုပျိုးထောင်ရာတွင် စိန်ခေါ်မှုများစွာ ရှိပါသည်။ ဆေးပညာဘာသာရပ်သည် လူ့အသက်များနှင့် တိုက်ရိုက်ဆက်စပ်နေသော ပညာရပ် ဖြစ်သည့်အားလျော်စွာ လေ့ကျင့်မွေးထုတ်လိုက်သော လူ့စွမ်းအားများ အားလုံးတွင် လုံလောက်သော စွမ်းရည်၊ ကျွမ်းကျင်မှုနှင့် ကျင့်ဝတ်များ ပြည့်စုံနေစေရန် အထူးလိုအပ်လှသည်။ ထိုသို့မွေးထုတ်ရန်မှာ အရည်အသွေးပြည့်ဝ ကျွမ်းကျင်သော ဆရာ၊ ဆရာမများ၊ လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ရန် သင်ကြားရေးဆေးရုံကြီးများ၊ သင်ကြားရေးအထောက်အကူပစ္စည်းများ ပြည့်စုံရန်လိုအပ်သည်။ အချို့သည် ငွေကြေးဖြင့် ချက်ချင်းဖြည့်ဆည်းရန်မှာ အလွယ်တကူ ရရှိနိုင်သော်လည်း အချို့မှာ ချက်ချင်းဖြည့်ဆည်းရန် မလွယ်ကူပါ။ ဥပမာအားဖြင့် သားဖွားပညာ တတ်မြောက်ရေးအတွက် မွေးလူနာဖြင့် လက်တွေ့လေ့ကျင့်ရန်မှာ မွေးလူနာရှိမှသာ လေ့ကျင့်နိုင်မည်ဖြစ်သည်။ ကျောင်းသားတစ်ဦးလျှင် သတ်မှတ်သင်တန်း ကာလအတွင်း မွေးလူနာ ၂၀ ဦး လေ့ကျင့်ရန် လိုအပ်ပါက ကျောင်းသား ၁၀၀၀ ဦး အတွက်ဆိုလျှင် မွေးလူနာ ၂၀၀၀၀ သင်ကြားရေး ဆေးရုံကြီးများတွင် ရှိမှသာ လိုအပ်သော ကျွမ်းကျင်တတ်မြောက်မှုအတွက် လေ့ကျင့်နိုင်မည်ဖြစ်သည်။
အထက်တွင်ဆိုပြီးသကဲ့သို့ လူတိုင်းလက်လှမ်းမီ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ဖော်ဆောင်ရန်မှာ ကျန်းမာရေး ဝန်ဆောင်မှုပေးကြမည့် လူ့စွမ်းအားများ၏ အရေအတွက်သာမက အရည်အသွေးပြည့်မီစေရေးလည်း လိုအပ်သည်ဖြစ်ရာ ခေတ်အဆက်ဆက်တွင်လည်း ကျန်းမာရေး လူ့စွမ်းအားများ၏ အရည်အသွေးပြည့်မီစေရေးအတွက် ပုံစံအမျိုးမျိုးဖြင့် လေ့ကျင့်သင်ကြားပေးခဲ့သကဲ့သို့ ပိုမိုကောင်းမွန်သော လေ့ကျင့်သင်ကြားရေး နည်းစနစ်များဖြင့် လေ့ကျင့်သင်ကြား ပေးနိုင်ရေးအတွက်လည်း စဉ်ဆက်မပြတ် လေ့လာကြိုးပမ်း အားထုတ်လျက်ရှိပါသည်။
ယနေ့ခေတ်အချိန်တွင် အရည်အသွေးပြည့်မီသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ သင်ကြားမွေးထုတ်ရာတွင် အကောင်းဆုံးနည်းလမ်းမှာ ရလဒ်အခြေပြုဆေးပညာ သင်ကြားရေးစနစ်ဖြစ်ကြောင်း နိုင်ငံတကာမှ တညီတညွတ်တည်း စံတစ်ခုအဖြစ် လက်ခံကျင့်သုံးလျက်ရှိသည်။ ရလဒ်အခြေပြု ဆေးပညာသင်ကြားရေး စနစ်ဆိုသည်မှာ ပြည်သူလူထုအား ပြည့်စုံလုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှုပေးရန်အတွက် ကျန်းမာရေး စွမ်းအားစုများတွင်ရှိရမည့် လိုအပ်သော စွမ်းရည်များကို ဖော်ထုတ်လျက် ၎င်းစွမ်းရည်များ ပြည့်မီစေရေး ဦးတည်လေ့ကျင့်ပေးခြင်းပင်ဖြစ်ပါသည်။ ရလဒ်အခြေပြု ပညာရေး၏ အနှစ်သာရတွင် ကျောင်းသားဗဟိုပြု သင်ယူမှုစနစ်များ၊ ပြဿနာအခြေပြု သင်ယူနည်းများ၊ စုစည်းချိတ်ဆက် သင်ကြားရေးစနစ်များ၊ လူနာအခြေပြု ကျန်းမာရေး စောင့်ရှောက်မှုစနစ်များ၊ နည်းပညာအခြေပြုသင်ကြားရေး နည်းစနစ်များ၊ ရလဒ်အခြေပြု စစ်ဆေးနည်းစနစ်များ ပါဝင်မည်ဖြစ်သည်။
၂၁ ရာစုပညာရေးတွင် အလွတ်ကျက်မှတ်၍ နားလည်တတ်မြောက်မှုကို သင်ကြားစစ်ဆေးသော နည်းလမ်းများကို အလေးမပေးတော့ဘဲ ဝေဖန်ပိုင်းခြား၍ တီထွင်ကြံဆမှုကို မြှင့်တင်သင်ကြားစစ်ဆေးသော သင်ကြားသင်ယူမှု စနစ်များကို ပြောင်းလဲကျင့်သုံးရန် လိုအပ်သည်။ လက်တွေ့နယ်ပယ်တွင် အမှန်တကယ်ကြုံတွေ့ရမည့် စစ်မှန်သောပြဿနာများကို ချဉ်းကပ်၍ အုပ်စုဖွဲ့ သင်ယူလေ့လာဖြေရှင်းနည်းများကို အလေးပေးလာပြီဖြစ်သည်။ ထို့ကြောင့် ဆေးပညာသင်ကြားရေးတွင် Lecture ဖြင့် ဆရာမှ တိုက်ရိုက်သင်ကြားခြင်း နည်းလမ်းထက် ပြဿနာအခြေပြု သင်ယူစေခြင်း (Problem Based Learning) အုပ်စုဖွဲ့ လေ့လာအဖြေရှာ သင်ယူနည်း (Team Based Learning)၊ ရောဂါအခြေပြုသင်ယူနည်း (Case Based Learning) များကို ဆေးပညာ သင်ကြားရေးတွင် ပြောင်းလဲကျင့်သုံးလျက် ရှိနေပြီဖြစ်သည်။
ထို့ပြင် Education 4.0 ဟုခေါ်သော နည်းပညာခေတ်တွင် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence) သည်လည်း ဆေးပညာသင်ကြားရေး၊ ရောဂါရှာဖွေ ကုသရေးနှင့် သုတေသနနယ်ပယ်များတွင် ကျယ်ပြန့်စွာ အသုံးပြုလာနေပြီဖြစ်သည်။ ဆေးပညာသင်ကြားရေးတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် လိုအပ်သော လက်တွေ့လေ့ကျင့်မှုများကို လူနာများအပေါ် အန္တရာယ် ကျရောက်စေမှုမရှိဘဲ ကြိမ်ဖန်များစွာ လေ့ကျင့်နိုင်ရေးအတွက် အဆင့်မြင့် နည်းပညာဖြင့် ဖန်တီးထားသော High Fidelity Simulator ခေါ် လူနာအတုများကို တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်သကဲ့သို့ မြန်မာနိုင်ငံရှိ တက္ကသိုလ်/သင်တန်းကျောင်းများတွင်လည်း ဆေးပညာပုံတူပြုလေ့ကျင့်ရေး စင်တာ (Medical Simulation Center)များ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးလျက် ရှိနေပြီဖြစ်သည်။
ထိုကဲ့သို့ ပြောင်းလဲ တိုးတက်လာသော ဆေးပညာသင်ကြားရေး စနစ်များကို နိုင်ငံတကာနှင့်နည်းတူ မြန်မာနိုင်ငံတွင်လည်း မြှင့်တင်ပြောင်းလဲ ကျင့်သုံးနိုင်စေရန်အတွက် ဆေးပညာ နှီးနှောဖလှယ်ပွဲ National Medical Education Seminar) များကျင်းပ၍ တိုင်ပင်ဆွေးနွေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့သည်။ ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲများကို ၁၉၆၄ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၇၀ ပြည့်နှစ်တွင် ဒုတိယအကြိမ်၊ ၁၉၇၂ ခုနှစ်တွင် တတိယအကြိမ်၊ ၁၉၇၈ ခုနှစ်တွင် စတုတ္ထအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ပဉ္စမအကြိိမ်၊ ၂၀၀၃ ခုနှစ်တွင် ဆဋ္ဌမအကြိမ်၊ ၂၀၀၈ ခုနှစ်တွင်သတ္တမအကြိမ်၊၂၀၀၉ ခုနှစ်တွင် အဋ္ဌမအကြိမ်၊ ၂၀၁၁ ခုနှစ်တွင် နဝမအကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ဒသမအကြိမ်အထိ ကျင်းပနိုင်ခဲ့ပြီးဖြစ်သည်။
ဒသမအကြိမ်မြောက် ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲမှ ချမှတ်ခဲ့သော လမ်းစဉ်များအရ ရလဒ်အခြေပြု ဆေးပညာ သင်ကြားရေးစနစ်ကို အကောင်အထည်ဖော်ခဲ့ပြီး ဆေးတက္ကသိုလ်များတွင် မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက် သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (Outcome Based Integrated Curriculum)ဖြင့် ၂၀၁၉ ခုနှစ်တွင် လည်းကောင်း၊ သူနာပြုတက္ကသိုလ်နှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများတွင်ရလဒ်အခြေပြုသင်ရိုး ညွှန်းတမ်း (Outcome Based Curriculum ) ဖြင့် ၂၀၁၈ ခုနှစ်တွင်လည်းကောင်း ပြောင်းလဲကျင့်သုံးနိုင်ခဲ့ပြီး ဖြစ်သည်။
ထို့ပြင် ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် မလုံလောက်မှု၏ ဖြေရှင်းမှုနည်းလမ်းတစ်ခု အဖြစ်လည်းကောင်း၊ မတူကွဲပြားသော ကျန်းမာရေးဝန်ထမ်း အမျိုးအစားများအကြား အပြန်အလှန် ချိတ်ဆက်နားလည်မှု ကောင်းမွန်စွာဖြင့် ထိရောက်သော ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်အတွက် လည်းကောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများ အချင်းချင်း အတူတကွ လေ့လာသင်ယူခြင်းနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း (Interprofessional Education and Interprofessional Collaborative Practice) ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်မိတ်ဆက်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေး ဝန်ထမ်းများအကြား Interprofessional Collaborative Practice ရရှိစေရေးအတွက် Interprofessional Education ကို ၂၀၁၇ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဇုန်ငါးခုဖြင့် အကောင်အထည်ဖော်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ဇုန်များအားလုံးတွင် ဖော်ဆောင်ပြီးဖြစ်ပါသည်။ ယခုအခါ ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများတွင် Interprofessional Education ကို ထည့်သွင်း သင်ကြားနေပြီဖြစ်သည်။
ယခု (၁၁) ကြိမ်မြောက် နှီးနှောဖလှယ်ပွဲကြီးကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီး ဌာနက ကြီးမှူး၍ ကျင်းပတော့မည်ဖြစ်သည်။ ယခုနှီးနှောဖလှယ်ပွဲကြီးကို နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများ၏ တိုးတက်ပြောင်းလဲ နေသော သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို မြန်မာနိုင်ငံ၏ ဆေးပညာနှင့် ဆေးပညာနှီးနွှယ် ပညာရပ်များ၏သင်ကြားရေးတွင် လိုက်လျောညီထွေ ကျင့်သုံးနိုင်ရေးနှင့် သင်ကြားရေးစနစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ အခြေခံပညာရေးတွင် ပြောင်းလဲကျင့်သုံးလျက်ရှိသော KG+12 သင်ရိုးညွှန်းတမ်းနှင့် လိုက်လျောညီထွေစွာဖြင့် ဆေးနှင့်ဆေးပညာ နှီးနွှယ်ပညာရပ်များ၏ သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်မွမ်းမံ နိုင်ရေးကိစ္စရပ်များ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဘွဲ့ကြို/ဘွဲ့လွန် ပညာရပ်များ၏ ရလဒ်အခြေပြု သင်ရိုးညွှန်းတမ်းများမွမ်းမံပြင်ဆင်နိုင်ရေး ကိစ္စရပ်များကို အဓိကဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။
ယခင်ကျင်းပခဲ့သည့် ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲများမှ မြန်မာနိုင်ငံ၏ ဆေးပညာသင်ကြားရေး အတွက် ထိရောက်သော ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်၍ ပြောင်းလဲကျင့်သုံးခြင်းများ ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ ယခုကျင်းပမည့် (၁၁) ကြိမ်မြောက် ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲကြီးမှလည်း ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးကြမည့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို အရည်အသွေးပြည့်ဝစွာ မွေးထုတ်နိုင်ရေး အတွက် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော သင်ရိုးညွှန်းတမ်းများ၊ သင်ကြားရေးနည်းစနစ်များ၊ ဆန်းစစ်မှု စနစ်များကို မြှင့်တင်ပြောင်းလဲ ကျင့်သုံးနိုင်မည်ဟု အပြည့်အဝ ယုံကြည်မျှော်လင့်မိပါသည်။ ။