ရှေ့လုပ်ငန်းစဉ်များ ပြီးမြောက်အောင်မြင်ရေး
အယ်ဒီတာ့အာဘော်
(၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ပေးလျက်ရှိသည်။ ထိုသို့ တည်ဆောက်လျက်ရှိရာတွင် မိမိတို့နိုင်ငံအတွင်း ကဏ္ဍပေါင်းစုံဖွံ့ဖြိုး တိုးတက်စေရေးကိုလည်း ဦးတည် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ နိုင်ငံတကာနှင့်လည်း ချစ်ခင်ရင်းနှီး၍ ဖြောင့်မတ် မှန်ကန်သော ဆက်ဆံရေးဖြင့် ဆက်ဆံလျက်ရှိသည်။ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး”မူ”ကို ဆက်လက်လိုက်နာ ကျင့်သုံးလျက်ရှိသည်။
မြန်မာတို့သည် လူအချင်းချင်း ဆက်ဆံရာတွင် လည်းကောင်း၊ နိုင်ငံအချင်းချင်း ဆက်ဆံရာတွင် လည်းကောင်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ စိတ်ရင်းစိတ်ထား ကောင်းမွန်စွာဖြင့် ဆက်ဆံလျက်ရှိသည်။ သူတစ်ပါးနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်ခြင်း အလျဉ်းမရှိသလို မိမိနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြယ်လှယ်ရန် ကြိုးပမ်းခြင်းကိုလည်း လက်ခံမည်မဟုတ်ပါ။ မြန်မာနိုင်ငံပျက်စီးရာ ပျက်စီးကြောင်းကို အစဉ်ရှေးရှုနေသည့် နိုင်ငံအချို့၊ အဖွဲ့အစည်းအချို့၏ လုပ်ရပ်များမှာ မြန်မာပြည်သူ တစ်ရပ်လုံးအတွက် စက်ဆုပ်ရွံရှာ မုန်းတီးဖွယ်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး အတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိအောင် ဆောင်ရွက်လျက်ရှိသည်။ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိနေစဉ် နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက် တိုက်ခိုက်လာခဲ့ကြသော NUG/ CRPH / PDF / MNDAA / TNLA / AA အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းများ၊ NCA စာချုပ်အား သွေဖည်ချိုးဖောက်သွားကြသည့် လက်နက်ကိုင် အဖွဲ့အစည်းအချို့တို့နှင့် ၎င်းတို့အား နည်းလမ်းမျိုးစုံဖြင့် ပူးပေါင်း၊ ကူညီ၊ အားပေး၊ ထောက်ပံ့နေကြသော ပြည်တွင်းပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအချို့တို့သည် ဒို့တာဝန်အရေးသုံးပါးကို ဖျက်ဆီးနေကြသူများ ဖြစ်ကြသည်။
အထက်ပါအကြမ်းဖက် အဖျက်သမားများသည် ရဟန်းသံဃာများ၊ ကလေးသူငယ်များ၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးသူငယ်များအား ဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။ နိုင်ငံပိုင်/ပုဂ္ဂိလိကပိုင် အဆောက်အအုံများအား နည်းလမ်းမျိုးစုံဖြင့် ဖျက်ဆီးနေသည်။ အပြစ်မဲ့ပြည်သူများအား လူသားတံတိုင်းအဖြစ် အကာအကွယ်ပြု၍ တိုက်ခိုက်လျက်ရှိသည်။ မြို့ကြီးများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းသို့ လက်နက်ကြီး/ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။ အရွယ်မရောက်သေးသည့် လူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ လက်နက်စွဲကိုင် တိုက်ပွဲဝင်ခိုင်းလျက်ရှိသည်။
ထို့ပြင် နယ်မြေတစ်ခုတည်း၌ နှစ်ကာလကြာရှည်စွာ အတူတကွနေထိုင်ခဲ့ကြသည့် လူမျိုးမတူသော အခြားတိုင်းရင်းသား မျိုးနွယ်စုများအား မူလနေရပ်ဒေသများမှ အတင်းအဓမ္မ နှင်ထုတ်လျက်ရှိသည်။ ထိုသို့ ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေဒေသအတွင်းမှ အခြားတိုင်းရင်းသား မျိုးနွယ်စုများကို အကြမ်းဖက်ခြိမ်းခြောက်နှင်ထုတ်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်း အပိုဒ်၁၃(၁)ပါ “လူတိုင်းတွင် မိမိ၏ နိုင်ငံနယ်နိမိတ်အတွင်း၌ လွတ်လပ်စွာ သွားလာရွှေ့ပြောင်းနိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်” ဟူသော ပြဋ္ဌာန်းချက်ကို အတိအလင်း ချိုးဖောက်ခြင်းဖြစ်သည်။ အဆိုပါလုပ်ရပ်များမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပြည်တွင်းတည်ဆဲဥပဒေများနှင့် နိုင်ငံတကာ ဥပဒေများအား ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရ၏ ၂၀၂၅ ခုနှစ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရန် ပြင်ဆင်နေမှုအား အကြမ်းဖက်မှုကို လက်မခံကြသည့် သန်းပေါင်းများစွာသော ပြည်သူလူထုကကြိုဆို ထောက်ခံလျက်ရှိသည်။ ထို့အတူ ပြည်သူများကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများကလည်း အပြည့်အဝ ကြိုဆိုထောက်ခံကြသည်။ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ မြန်မာ့မြေပေါ်မှ အကြမ်းဖက်မှုလုပ်ငန်းစဉ် များချုပ်ငြိမ်းစေရေးတို့ အတွက် နိုင်ငံရေးပါတီများကလည်း နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးပင်ဖြစ်ပြီး ရွေးကောက်ပွဲကို မလွဲမသွေ ကျင်းပသွားမည််ဖြစ်ကြောင်းကိုလည်း မကြာခဏ ထုတ်ဖော် ပြောကြားထားသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များမှ အန္တိမရည်မှန်းချက် အောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများအပါအဝင် ပြည်သူများကလည်း ပူးပေါင်းပါဝင်ကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။