(၁၁)ကြိမ်မြောက် ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော် ဇူလိုင် ၂၉
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနက ကြီးမှူးကျင်းပသော (၁၁) ကြိမ်မြောက် ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲဖွင့်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရန်အတွက် တက္ကသိုလ် ၁၇ ခု၊ သူနာပြု/သားဖွား/နှီးနွှယ် သင်တန်းကျောင်း ၅၃ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဘွဲ့လွန်ဆေးပညာ သင်တန်း ၁၄၁ ခုကို နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး ပြည်ပပညာသင် ကာလတို၊ ကာလရှည်သင်တန်းများ တက်ရောက်နိုင်ရေး အတွက်လည်း စီမံဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယနေ့ကျင်းပသည့် ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲတွင် KG+12 ပညာရေးစနစ်သစ်အရ ဘွဲ့ကြိုသင်တန်း အသီးသီး၏ သင်ရိုး ညွှန်းတမ်းများ ပြန်လည်သုံးသပ် ပြင်ဆင်ရေးနှင့် ဘွဲ့လွန်ဆေးပညာ သင်ကြားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ခေတ်ကာလ ပြောင်းလဲတိုးတက်မှုနှင့် အညီ ပြန်လည် သုံးသပ်ပြင်ဆင်ရေး ဆွေးနွေးကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နှီးနှောဖလှယ်ပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းက ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲ ကျင်းပနိုင်ခဲ့မှု အခြေအနေများ၊ ယနေ့ မျက်မှောက်ခေတ် ဆေးပညာ သင်ကြားရေး၏ ပြောင်းလဲတိုးတက်နေမှုများနှင့် (၁၁)ကြိမ်မြောက် ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲ ကျင်းပသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ နှီးနှောဖလှယ်ပွဲ ပထမနေ့ အစီအစဉ်များကို သက်ဆိုင်ရာ တက္ကသိုလ် အစုအဖွဲ့ (Syndicate) အလိုက် ဆက်လက်ကျင်းပရာ ဆေးပညာရပ်ဆိုင်ရာ (ဘွဲ့ကြို)အစုအဖွဲ့ (Medical Syndicate (Undergraduate)တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ပါမောက္ခဒေါက်တာ ဖေသက်ခင်နှင့် မြန်မာနိုင်ငံ ဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်မောင်အေးတို့က သဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး KG+12 ပညာရေးစနစ်သစ်ဖြင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဆေးတက္ကသိုလ်များ၏ ဘွဲ့ကြိုသင်ရိုး ညွှန်းတမ်းများနှင့် ဆန်းစစ်မှုစနစ်များ သုံးသပ်ပြင်ဆင်ရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြကာ တက်ရောက်လာကြသူများက အသေးစိတ် ဝိုင်းဝန်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ဆေးပညာရပ်ဆိုင်ရာ (ဘွဲ့လွန်)အစုအဖွဲ့ Medical Syndicate (Postgraduate)၌ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာတင်တင်လေးနှင့် မြန်မာနိုင်ငံဆရာဝန် အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအေးအောင်တို့က သဘာပတိအဖြစ် ဆောင်ရွက်ကြပြီး ဘွဲ့လွန်ဆေးပညာ သင်တန်းများ၏ သင်ရိုးညွှန်းတမ်းများ၊ သင်တန်းကာလများ၊ ဆန်းစစ်မှုစနစ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ခေတ်နှင့်လျော်ညီစွာ ပြုပြင်သင့်သည်များကို ဆွေးနွေးတင်ပြကြကာ တက်ရောက်လာကြသူများက အကြံပြု ဆွေးနွေးကြသည်။
ထို့ပြင် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အစုအဖွဲ့ (Traditional Medicine Syndicate)တွင် ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခ ဒေါက်တာသန်းမြင့်နှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးတို့က သဘာပတိအဖြစ် ဆောင်ရွက်ကြပြီး တိုင်းရင်းဆေးပညာ ဘွဲ့ကြိုသင်ရိုးညွှန်းတမ်းများ အတွက် ပြုပြင်သင့်သည်များနှင့်တိုင်းရင်းဆေးပညာပါရဂူဘွဲ့ သင်တန်း ဖွင့်လှစ်နိုင်ရေးတို့ အတွက် တင်ပြဆွေးနွေးကြကာ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
နှီးနှောဖလှယ်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဦးစီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ဒုတိယဆေးဝန်ထမ်း ညွှန်ကြားရေးမှူး၊ ဆေးနှင့်ဆေးနှီးနွှယ်ကောင်စီ/အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် သင်ကြားရေးဆရာ၊ ဆရာမများ၊ အငြိမ်း စားပညာရှင်ကြီးများနှင့် အထူးဖိတ်ကြားထားသူများ၊ ဆေးပညာရှင်များ တက်ရောက်ကြပြီး နှီးနှောဖလှယ်ပွဲကို ဇူလိုင်လ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍ မြှင့်တင်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များကို လုံလောက်စွာ လေ့ကျင့်မွေးထုတ်နိုင်ရေးသာမက အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာ၏ဆေးပညာ သင်ကြားရေး အဆင့်အတန်း၊ စံနှုန်းစံညွှန်းများနှင့် ကိုက်ညီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။