ရမည်းသင်းမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖွင့်ပွဲကျင်းပ
နေပြည်တော် ဇူလိုင် ၃၀
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာ ဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာ ဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန် ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရမည်းသင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက် အားပေးသည်။
ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော်မုခ်ဦးကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ရမည်းသင်းတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မြင့်ဦး၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ ပါဝင်ကူညီခဲ့သည့် ပန်းဖွား အဖွဲ့၊ ဘင်ခရာအဖွဲ့နှင့် ဦးရွှေရိုး၊ ဒေါ်မိုး အကအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည်ခိုင်မာ တိုးတက်စေရမည်” Video Clip ကို ပြသသည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော်များကို နိုင်ငံတစ်ဝန်းလုံးတွင် စီစဉ်ကျင်းပ ပေးလျက်ရှိကြောင်း။
နိုင်ငံတော်အကြီးအကဲက စာမတတ်သူသည် ထိုင်နေသည့်လူနှင့်တူပြီး စာတတ်ပြီး စာမဖတ်သူမှာ ရပ်နေသည့်လူနှင့်တူကြောင်း၊ စာတတ်ပြီး စာပေလေ့လာ ဖတ်ရှုသူဖြစ်မှသာ လမ်းလျှောက်နေသည့် လူနှင့်တူသည်ဟု လမ်းညွှန်ထားသည့်အတွက် ကျောင်းသားလူငယ်များအနေဖြင့် စာလည်းတတ်၊ စာလည်းဖတ်ပြီး အသိဉာဏ် ပညာပြည့်ဝစွာဖြင့် အနာဂတ်ကို လျှောက်လှမ်းနေကြရမည်ဖြစ်ကြောင်း၊ ယခု စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များမှသည် စာပေလေ့လာဖတ်ရှုသည့် အလေ့အထ ကောင်းများပေါ်ပေါက်လာအောင် မိမိတို့အားလုံးက ၀ိုင်းဝန်းကြိုးပမ်းပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရမည်းသင်းမြို့ပေါ်ရှိ အခြေခံပညာ အထက် တန်းကျောင်းနှင့် အလယ်တန်းကျောင်းများ အတွက် DTH စလောင်းငါးစုံနှင့် DVBT2 Set Top Box ၁၅ လုံးတို့အား ပေးအပ် လှူဒါန်းရာ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက လက်ခံရယူကြသည်။
ဆက်လက်၍ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ”သီချင်းဖြင့် ဖျော်ဖြေကြပြီး ရုပ်ရှင်အနု ပညာရှင် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က “စာစုံဖတ်မယ် ကျောင်းသားအရွယ်”ခေါင်း စဉ်ဖြင့် ဟောပြောဆွေးနွေးသည်။
ယင်းနောက် ရမည်းသင်းမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစာကြည့် တိုက်အတွက် တိုင်းဒေသကြီးပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ် စာစောင်များ ပေးအပ်လှူဒါန်းသည်။
ထို့နောက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာရည် တို့လှမ်းချီ”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြ ပြီး အကအဖွဲ့များအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ကာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး ပွဲတော်အတွင်း ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ဌာနဆိုင်ရာပြခန်းများ၊ ဓာတ်ပုံပြပွဲများ၊ ပုံပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲများ ကျင်းပနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။