နိုင်ငံ့စီးပွားအလေးထား ဆောင်ရွက်ရေး

 

နိုင်ငံ့စီးပွားအလေးထား ဆောင်ရွက်ရေး

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁ ရက်)

နိုင်ငံတော်အစိုးရအနေဖြင့်   နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်၊  ပြည်သူများစီးပွားရေး တိုးတက်စေရန်ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံများရှိ အစိုးရများအနေဖြင့်  ပြည်သူများ၏စီးပွားရေး တိုးတက်မှုကို လိုလားကြသလို  မြန်မာနိုင်ငံအစိုးရ အနေဖြင့်လည်း ပြည်သူတို့၏ လူမှုစီးပွားမြင့်မားရေးကို အထူးလိုလားသည်။ နိုင်ငံ့စီးပွားရေးအားကောင်းအောင် ဆောင်ရွက်ရာတွင် စီးပွားရေးနှင့် ဆက်စပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးများကိုလည်း ပိုမိုကောင်းမွန် တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့်နိုင်ငံဖြစ်သည်။ ထို့ကြောင့်ကုန်ထုတ် လုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ဆီထွက်သီးနှံများကို ပန်းတိုင်အထွက်နှုန်းများအတိုင်း ထွက်ရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဆီထွက်သီးနှံများတွင် မြေပဲနှင့်နှမ်းတို့ကို ရိုးရာမုန့်ပဲသရေစာ အနေဖြင့် စားသုံးသကဲ့သို့ ပြည်ပသို့ကုန်ကြမ်းများအတိုင်း တင်ပို့ကြသည်ကို တွေ့ရှိရသည်။ မြေပဲ၊ နှမ်းတို့အပြင်  အခြားဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ ပဲပုပ်၊ ဆီအုန်းတို့ကိုလည်း အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့အတူ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်၊ အာလူးစသည့် အခြေခံစားကုန် သီးနှံများကိုလည်း ပန်းတိုင်ရည်မှန်းချက်များ အတိုင်း ထွက်ရှိအောင် ဆောင်ရွက်နိုင်ကြရမည်ဖြစ်သည်။

မွေးမြူရေးနှင့်ပတ်သက်၍  အဓိကစားသုံးသည့် အသားများဖြစ်သည့်  ကြက်၊  ဝက်၊  ဆိတ်နှင့်နွားများကိုလည်း စနစ်တကျဖြင့် ကျွေးမွေးခြင်း၊ ခြံလှောင်မွေးမြူခြင်း ဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများ ပိုမိုအောင်မြင်မည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ အထွက်နှုန်းများ တိုးတက်စေရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းလမ်း (၄)သွယ်ဖြင့်  ဆောင်ရွက်ကြရမည်ဖြစ်သည်။  ဒေသန္တရမွေးမြူရေး လုပ်ငန်း များကိုဆောင်ရွက်ရာတွင် အခြားနိုင်ငံများမှ လုပ်ဆောင်လျက်ရှိသည့် အထွက်နှုန်းတိုးစေမည့် နည်းလမ်း များကိုလည်း အတုယူဆောင်ရွက်ရမည်ဖြစ်သည်။

စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများကို ပိုမိုလည်ပတ်နိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် ဝန်ဆောင်မှုလုပ်ငန်းများလည်း တိုးတက်လာပေမည်။

စီးပွားရေးလုပ်ငန်းများ အောင်မြင်တိုးတက်ခြင်းကြောင့် နိုင်ငံတော်၏  GDP သည်လည်း တိုးတက်လာနိုင်မည်ဖြစ်သည်။ တကယ်ဖြစ်ချင် တကယ်လုပ်အဟုတ်ဖြစ်ရမည် ဆိုသည့်အတိုင်း မိမိတို့လုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်အောင် လုပ်ဆောင်နိုင်ကြမည်ဆိုပါက နိုင်ငံ့လူဦးရေ ၅၀ ရာခိုင်နှုန်း၏ လူမှုဘဝများဖွံ့ဖြိုးရေးကို အမှန်တကယ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ခြင်းဖြင့်လည်း နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို တိုးတက်အောင် ဆောင်ရွက်ကြရမည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင်လ ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၄)သို့ တက်ရောက် အမှာစကားပြောကြားစဉ် “MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ သွားရောက်၍ အားပေးဆောင်ရွက်လျက် ရှိကြောင်း၊ MSME လုပ်ငန်းများအနေဖြင့် တိုးတက်လျက်ရှိသည်ကိုလည်းတွေ့ရကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် MSME လုပ်ငန်းများကို ကဏ္ဍများစွာ၌ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စားသောက်ကုန်များကိုသာမက အခြား လူသုံးကုန်ပစ္စည်းများကိုလည်း အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေး ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်  အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာတွင် စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍လည်း ပညာတတ်များ မွေးထုတ်ပေးလျက်ရှိသည်။ KG+9 တက်ရောက် အောင်မြင်ပြီးပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများသို့ ဆက်လက်တက်ရောက် ပညာသင်ကြားနိုင်ရေး စီစဉ်ပေးထားပြီးဖြစ်သည်။   ထိုမှတစ်ဆင့် ထူးချွန်စွာအောင်မြင်မည် ဆိုပါက တက္ကသိုလ်၊ ကောလိပ်များသို့ ဆက်လက်တက်ရောက်နိုင်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးကို နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးလျက် ရှိသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သမဝါယမစနစ်သည် အသင့်လျော်ဆုံးဖြစ်သည်ကို တွေ့ရကြောင်း နိုင်ငံတော်အကြီးအကဲက မိန့်ဆိုထားသည်။ သမဝါယမ စနစ်ဆိုသည်မှာ စိတ်ဆန္ဒ၊ ရည်ရွယ်ချက်တူညီသည့် လုပ်ငန်းရှင်အချင်းချင်း၊ တောင်သူအချင်းချင်း စုဖွဲ့ဆောင်ရွက်ရသည့် အသင်းအဖွဲ့စနစ် တစ်ခုဖြစ်သည်။ လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် သမဝါယမအသင်းများ ဖွဲ့စည်း၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့်လည်း အရည်အသွေးပြည့်မီသည့် လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။  ။

Dates: 
Wednesday, July 31, 2024 - 10:14