ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တို့ကို ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇူလိုင် ၃၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်ပင်မဆောင် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် လှိုင်မြို့နယ်ရှိ သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ နောက်ဆုံးပေါ် Digital Transformation ဆိုင်ရာ IT နည်းပညာ အရွေ့နှုန်းနှင့်အတူ အမီလိုက်ပါနိုင်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု IT နည်းပညာရှင်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား၍ တက္ကသိုလ်ပင်မဆောင် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များကို အောင်မြင်အောင်ဆောင်ရွက်ရာတွင် တစ်တပ်တစ်အား ဖြစ်စေမည့် အင်ဂျင်နီယာလူငယ်များကို နိုင်ငံတကာစံနှုန်းများပြည့်မီစွာ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။