(၁၁) ကြိမ်မြောက် ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲ (ဒုတိယနေ့) ကျင်းပ
နေပြည်တော် ဇူလိုင် ၃၀
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၁၁)ကြိမ်မြောက် ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲ (ဒုတိယနေ့)ကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ Hotel Max ၌ ဆက်လက် ကျင်းပသည်။
နှီးနှောဖလှယ်ပွဲ (ဒုတိယနေ့)တွင် သွားဘက်ဆိုင်ရာ ဆေးပညာအစုအဖွဲ့ (Dental Syndicate)တွင် မြန်မာနိုင်ငံဆေးပညာရှင် အဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာနေဝင်းနှင့် မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆိုင်ရာ ဆေးကောင်စီ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာပိုင်စိုး၊ ဆေးဝါးပညာရပ်ဆိုင်ရာ အစုအဖွဲ့ (Nursing Syndicate) တွင် ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခဒေါက်တာနွဲ့နွဲ့ဦးနှင့် ဆေးဝါးတက္ကသိုလ်- ရန်ကုန် ပါမောက္ခချုပ်(ငြိမ်း) ပါမောက္ခဒေါက်တာ ရီရီတင်၊ သူနာပြုပညာရပ်ဆိုင်ရာ အစုအဖွဲ့ (Medical Technology Syndicate)တွင် သူနာပြုတက္ကသိုလ်-မန္တလေး ပါမောက္ခချုပ်(ငြိမ်း) ပါမောက္ခ ဒေါက်တာမာလာဝင်းနှင့် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ ဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်၊ ဆေးဘက်ဆိုင်ရာ နည်းပညာအစုအဖွဲ့ (Medical Technology Syndicate) တွင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခဒေါက်တာသန်းမြင့်နှင့် ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာ တင်တင်လေး၊ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ အစုအဖွဲ့ (Public Health Syndicate)) တွင် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာ သန်းဇော်မြင့်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး ပါမောက္ခချုပ်(ငြိမ်း) ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်တို့က သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး KG+12 ပညာရေး စနစ်သစ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဘွဲ့ကြို သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဘွဲ့လွန်သင်ရိုး ညွှန်းတမ်းများကို ခေတ်နှင့်လျော်ညီစွာ ပြုပြင်ရေးဆွဲရေး ကိစ္စရပ်များကို ဆွေးနွေးကြရာ တက်ရောက်လာကြသူများက တက်ကြွစွာ ပါဝင်အကြံပြု ဆွေးနွေးကြသည်။
ထို့နောက် သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ဆွေးနွေးတင်ပြမှုများ၏ ရလဒ်များနှင့် အကြံပြုချက်များ တင်ပြခြင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်းတို့က သဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာချောစုမောင်က နှီးနှောဖလှယ်ပွဲ ရလဒ်များနှင့် အကြံပြုချက်များကို စုစည်းတင်ပြသည်။
ယင်းနောက် နှီးနှောဖလှယ်ပွဲ ပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နှီးနှောဖလှယ်ပွဲ ရလဒ်တွင် အနာဂတ်ဆေးပညာ သင်ကြားရေး အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ကောင်းမွန်သောရလဒ်များ ထွက်ရှိအောင် တက်ကြွစွာ တက်ရောက်ပါဝင် ဆွေးနွေးပေးခဲ့မှုများအပေါ်တွင် များစွာကျေးဇူးတင် ရှိကြောင်း ပြောကြားပြီး (၁၁)ကြိမ်မြောက် ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲ အခမ်းအနား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။