ကီရာလာပြည်နယ်၌ မြေပြိုမှုများကြောင့် သေဆုံးသူ ၁၀၀ နီးပါးထိ မြင့်တက်လာ
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်၌ ဇူလိုင်လ ၃၀ ရက်တွင် မြေပြိုမှုများ ဖြစ်ပွားရာ သေဆုံးသူ ၁၀၀ နီးပါးအထိ မြင့်တက်လာကြောင်းနှင့် ၁၁၀ ကျော် ဒဏ်ရာရရှိထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါမြေပြိုမှုများသည် လူအများ အိပ်ပျော်နေသည့် ဒေသစံတော်ချိန်နံနက် ၂ နာရီဝန်းကျင်တွင် မက်ပါဒီအရပ်၌ဖြစ်ပွားခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများကို ဒေသတွင်းရှိဆေးရုံသို့ ပို့ဆောင်ထားသည်ဟု တာဝန်ရှိသူက ဆက်ပြောသည်။
အလားတူ မြေပြိုမှုများကြောင့် ကျေးရွာအများအပြားမှာ ဘေးသင့်သည့်ဒေသများ ဖြစ်လာကြောင်းနှင့် လူအများအပြားမှာ ချာလီယာမြစ်ထဲသို့ မျောပါသွားဖွယ်ရှိကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။
သို့သော် India Today သတင်းဌာန၏ အွန်လိုင်းပေါ် ထုတ်ပြန်ချက် တစ်ခုတွင်မူ လူရာပေါင်းများစွာမှာ အပျက်အစီးများ အောက်တွင်ပိတ်မိနေကြောင်း၊ အနည်းဆုံး လူ ၁၀၆ ဦးသေဆုံးပြီး ၁၂၈ ဦး ဒဏ်ရာရရှိထားကြောင်း ရေးသားထားသည်။
အိန္ဒိယတပ်မတော်မှ တပ်မတော်သားများက အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။
အိန္ဒိယကြည်းတပ်က ၎င်းတို့အနေဖြင့် ဆေးတပ်ဖွဲ့များ အပါအဝင် စစ်သည် ၂၂၅ ဦးစေလွှတ်ထားကြောင်း ပြောသည်။ အလားတူ လေတပ်ကလည်း ရဟတ်ယာဉ်နှစ်စင်းဖြင့်ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေကြောင်း ပြောထားသည်။