ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး

 

ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ သြဂုတ် ၁ ရက်)

      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက် ပြည်သူအားလုံး အကျုံးဝင်မည့်  ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ ကျန်းမာရေးသည် လူတိုင်းအတွက်မရှိမဖြစ် လိုအပ်သလို ကျန်းမာရေးကောင်းမွန်ရန်အတွက် ကျန်းမာရေးအသိပညာ မြင့်မားနေရန်လည်း  လိုအပ်လှသည်။  ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများ၏ တိုးတက်ပြောင်းလဲနေသော သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို မြန်မာနိုင်ငံ၏ ဆေးပညာနှင့်ဆေးပညာ နှီးနွှယ်ပညာရပ်များ၏ သင်ကြားရေးတွင် လိုက်လျောညီထွေ ကျင့်သုံးနိုင်ရေးနှင့် သင်ကြားရေးစနစ်များ   ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲများကို  ကျင်းပဆောင်ရွက်ခြင်းဖြစ်သည်။  လူတိုင်းလက်လှမ်းမီသည့်  ကျန်းမာရေး  စောင့်ရှောက်မှုစနစ်ကို အကောင်အထည်ဖော်ရာတွင် အခြေခံအကျဆုံး၊ အရေးအကြီးဆုံးနှင့် စိန်ခေါ်မှုအမြင့်မားဆုံး ကိစ္စရပ်မှာ အရည်အသွေးပြည့်ဝသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ လုံလောက်စွာ မွေးထုတ်ခန့်ထားရေးဖြစ်သည်။

ကမ္ဘာ့နိုင်ငံတိုင်းသည်  ၎င်းတို့နိုင်ငံ၏ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်အပေါ်မူတည်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး မဟာဗျူဟာ စီမံကိန်းများနှင့်အညီ မိမိတို့နိုင်ငံ၏ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ရည်ရွယ်မွေးထုတ်ကြခြင်းဖြစ်သည်။  သို့သော်တိုးပွားလာသောလူဦးရေနှင့် လုံလောက်စွာ မွေးထုတ်နိုင်ခြင်းမရှိသည့် အတွက် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျန်းမာရေး လူ့စွမ်းအားများကို ခေါ်ယူခန့်ထားနေကြသည်ဖြစ်၍ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျန်းမာရေး လူ့စွမ်းအားမလုံလောက်မှုများကို ပိုမိုရင်ဆိုင်နေကြရသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် ကျန်းမာရေး ကဏ္ဍမြင့်မားရေးကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွက် လိုအပ်သောကျန်းမာရေး လူ့စွမ်းအားများကို ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေး လူ့စွမ်းအားများ တိုးမြှင့်မွေးထုတ်နိုင်ရန်အတွက် ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်/သင်တန်းကျောင်းများကို စဉ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ်လျက်ရှိသည်။ ယနေ့အချိန်အခါတွင် ဆေးတက္ကသိုလ်နှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ်ပေါင်း ၁၇ ခုနှင့် သူနာပြု/သားဖွား/ နှီးနွှယ်သင်တန်းကျောင်းပေါင်း ၅၃ ကျောင်းအထိ ရှိနေပြီဖြစ်သည်။ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ရာတွင် တက်ရောက်လိုသူ အရေအတွက် ရရှိရေး အခက်အခဲမရှိသော်လည်း လေ့ကျင့်ပြုစုပျိုးထောင်ရာတွင် စိန်ခေါ်မှုများရှိနေသေးကြောင်း သိရှိရသည်။

လူတိုင်းလက်လှမ်းမီ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဖော်ဆောင်ရန်မှာ ကျန်းမာရေး ဝန်ဆောင်မှုပေးကြမည့် လူ့စွမ်းအားများ၏ အရေအတွက်သာမက အရည်အသွေးပြည့်မီစေရေးကိုလည်း အထူးသတိပြု ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပုံစံအမျိုးမျိုးဖြင့် လေ့ကျင့်သင်ကြားပေးသကဲ့သို့ ပိုမိုကောင်းမွန်သော လေ့ကျင့်သင်ကြားရေး နည်းစနစ်များဖြင့် လေ့ကျင့်သင်ကြားပေးနိုင်ရေး အတွက် စဉ်ဆက်မပြတ်လေ့လာ ကြိုးပမ်း အားထုတ်လျက်ရှိသည်။  အရည်အသွေးပြည့်မီသော  ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ သင်ကြားမွေးထုတ်ရာတွင် အကောင်းဆုံးနည်းလမ်းမှာ  ရလဒ်အခြေပြုဆေးပညာ သင်ကြားရေးစနစ်ဖြစ်ကြောင်း   နိုင်ငံတကာမှ တညီတညွတ်တည်း စံတစ်ခုအဖြစ် ကျင့်သုံးလျက်ရှိသည်။

ရလဒ်အခြေပြုဆေးပညာ သင်ကြားရေးစနစ်ဆိုသည်မှာ ပြည်သူလူထုအား ပြည့်စုံလုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှုပေးရန်အတွက် ကျန်းမာရေးစွမ်းအားစုများတွင် ရှိရမည့် လိုအပ်သော စွမ်းရည်များကို ဖော်ထုတ်လျက် ၎င်းစွမ်းရည်များပြည့်မီစေရေး ဦးတည်လေ့ကျင့်ပေးခြင်းပင်ဖြစ်သည်။ ၂၁ ရာစုပညာရေးတွင် ဝေဖန်ပိုင်းခြား၍ တီထွင်ကြံဆမှုကိုမြှင့်တင် သင်ကြားစစ်ဆေးသော သင်ကြားသင်ယူမှု စနစ်များကို ပြောင်းလဲကျင့်သုံးရမည်ဖြစ်သည်။ လက်တွေ့နယ်ပယ်တွင် အမှန်တကယ်ကြုံတွေ့ရမည့် စစ်မှန်သော ပြဿနာများကိုချဉ်းကပ်၍ အုပ်စုဖွဲ့သင်ယူလေ့လာ ဖြေရှင်းနည်းများကို အလေးပေးလာပြီဖြစ်သည်။  ဆေးပညာသင်ကြားရေးတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  လိုအပ်သော လက်တွေ့လေ့ကျင့်ခန်းများကို  လူနာများအပေါ် အန္တရာယ်ကျရောက်စေမှုမရှိဘဲ ကြိမ်ဖန်များစွာ လေ့ကျင့်နိုင်ရေးအတွက် အဆင့်မြင့် နည်းပညာဖြင့် ဖန်တီးထားသော လူနာအတုများကို တွင်ကျယ်စွာ အသုံးပြုနေကြပြီဖြစ်သည်။

တိုးတက်ပြောင်းလဲလာသော ဆေးပညာ သင်ကြားရေးစနစ်များကို နိုင်ငံတကာနှင့်နည်းတူ မြန်မာနိုင်ငံတွင်လည်း မြှင့်တင်ပြောင်းလဲ ကျင့်သုံးနိုင်စေရန်အတွက် ဆေးပညာနှီးနှောဖလှယ်ပွဲများ ကျင်းပ၍ တိုင်ပင်ဆွေးနွေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့သည်။ ယခု (၁၁) ကြိမ်မြောက် ဆေးပညာ နှီးနှောဖလှယ်ပွဲကြီးကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကျင်းပခဲ့ပြီးဖြစ်ပါသည်။ အခြေခံပညာရေးတွင် ကျင့်သုံးလျက်ရှိသော KG+12 သင်ရိုးညွှန်းတမ်းနှင့် လိုက်လျောညီထွေစွာဖြင့် ဆေးနှင့်ဆေးပညာ နှီးနွှယ်ပညာရပ်များ၏ သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်မွမ်းမံနိုင်ရေး ကိစ္စရပ်များ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဘွဲ့ကြို/ဘွဲ့လွန် ပညာရပ်များ၏ ရလဒ်အခြေပြု သင်ရိုးညွှန်းတမ်းများ မွမ်းမံပြင်ဆင်နိုင်ရေး ကိစ္စရပ်များကို အဓိက ဆွေးနွေးခဲ့ကြကြောင်း  သိရှိရသည်။ အနှစ်ချုပ်ဆိုရသော် ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး ပိုမိုမြှင့်တင် ဆောင်ရွက်ခြင်းကိုကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။     ။

Dates: 
Thursday, August 1, 2024 - 08:33