ရန်ကုန်မြို့ရှိ သီရိမင်္ဂလာစျေး၌ တစ်ရက်လျှင် ကုန်ပစ္စည်းမျိုးစုံတန်ချိန် ၅၀၀၀ ခန့် ရောင်းချနေရ
ရန်ကုန်မြို့ရှိ သီရိမင်္ဂလာစျေး၌ တစ် ရက်လျှင် ကုန်ပစ္စည်းမျိုးစုံတန်ချိန် ၅၀၀၀ ခန့် ရောင်းချနေရပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းသာမက တခြားဒေသများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စျေးများနှင့် ကုန်စည်ပွဲရုံများ ဌာနမှ သိရသည်။
သီရိမင်္ဂလာစျေးရှိ စျေးရုံပေါင်း ၁၄ ရုံ ၌ မှတ်ပုံတင်ထားသော ဆိုင်ခန်းပေါင်း ၂၉၅ ခန်းနှင့် ပျံကျဆိုင်ခန်းပေါင်း ၂၃၀၀ ကျော် ဖွင့်လှစ်ထားကာ အနယ်နယ်အရပ် ရပ်မှ ဝင်ရောက်လာသော ကုန်စိမ်း၊ ပန်း၊ သစ်သီးဝလံနှင့် ကွမ်းစသည့်ကုန်စည်ပစ္စည်း များကို နေ့စဉ်ရောင်းဝယ်ဖောက်ကား လျက်ရှိသည်။
“သီရိမင်္ဂလာစျေးကြီးမှာ တစ်ရက်ကို ကုန်ပစ္စည်းမျိုးစုံ တန်ချိန် ၅၀၀၀ လောက် ရောင်းချနေရပြီး အမှိုက်တန်ချိန်က ၈၀ ကနေ ၁၂၀ ကြား ထွက်ရှိပါတယ်။ အဲဒီ အမှိုက်တွေကိုသာ ပြောင်စင်အောင် မရှင်းလင်းဘူးဆိုရင် ယင်ကောင်တွေပေါက်ပွား မယ်။ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပွားလာနိုင်ပါတယ်။ အဲဒီအတွက် အမှိုက်တွေကို အလုပ်သမား ဦးရေ ၈၀ လောက်နဲ့ နေ့စဉ် ပြောင်စင် အောင် ရှင်းလင်းပြီး အမှိုက်စုရမယ့်နေရာ အထိ ပို့ဆောင်နေပါတယ်” ဟု မရမ်းကုန်း ခရိုင် စျေးများနှင့် ကုန်စည်ပွဲရုံများဌာန ဌာနခွဲမှူး ဦးဝေလင်းကပြောသည်။
ထို့ပြင် သီရိမင်္ဂလာစျေး၌ CCTV ကင်မရာအလုံး ၁၀၀ ကျော်တပ်ဆင်ထား ပြီး ၂၄ နာရီစောင့်ကြည့်ကာ ထူးခြားဖြစ်စဉ်များ မဖြစ်ပေါ်စေရန် စောင့်ကြပ်လျက် ရှိကြောင်း၊ လက်ရှိ သီရိမင်္ဂလာစျေးသို့ တစ်ရက်လျှင် ကုန်တင်ယာဉ်အစီးရေ ၃၅၀ ခန့် ဝင်ထွက်လျက် ရှိှကြောင်း သိရသည်။
စျေးအတွင်း ရောင်းဝယ်ဖောက်ကားချိန်ကို နံနက် ၄ နာရီမှ ည ၇ နာရီအထိ သတ်မှတ်ထားပြီး ယင်းအချိန်နောက်ပိုင်းတွင် ကုန်စည်ပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ယာဉ်များ ရောက်ရှိလာပါကလည်း ဝင်ရောက်ခွင့်ပြုထားကြောင်း သိရသည်။