ယခုဘဏ္ဍာနှစ် သုံးလကျော်ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန် တန်ချိန် ၁၂၄၀၀၀ ခန့် တင်ပို့နိုင်
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင် လ ၁၄ ရက်အထိ သုံးလကျော်ကာလ အတွင်း ပြည်ပသို့ ရေထွက်ကုန်တန်ချိန် ၁၂၄၀၀၀ ခန့် တင်ပို့နိုင်ပြီး အမေရိကန် ဒေါ်လာ ၁၆၄ သန်းခန့်ရရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
အဆိုပါရေထွက်ကုန်များကို အများအားဖြင့် Normal Trade အနေဖြင့် ပင်လယ်ရေကြောင်းမှ တစ်ဆင့် တင်ပို့ခြင်း ဖြစ်ပြီး ထိုရေထွက်ကုန်များအနက် ပုစွန် တင်ပို့မှု အနေဖြင့် တန်ချိန် ၁၃၇၃ တန် တင်ပို့နိုင်ကာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၄၆ သန်းရရှိကြောင်း သိရသည်။
“ဒီဘဏ္ဍာနှစ် ဧပြီလကနေ ဇူလိုင်လ ၁၄ ရက်အထိ သုံးလကျော်ကာလအတွင်း ပြည်ပနိုင်ငံတွေကို ရေထွက်ကုန်တန်ချိန် ၁၂၄၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၆၄ သန်းခန့်ရရှိပါတယ်။ နိုင်ငံ ပေါင်း ၄၀ လောက်ကို တင်ပို့မှုရှိပါတယ်။ လက်ရှိမှာ Normal Trade အနေနဲ့ ပင်လယ်ရေကြောင်းက တစ်ဆင့် အဓိက ထားတင်ပို့နေတာဖြစ်ပြီး Border Trade အနေနဲ့လည်း တင်ပို့မှုတွေ ရှိပါတယ်” ဟု ငါးလုပ်ငန်း ဦးစီးဌာန ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာနခွဲ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက ပြောသည်။
ယခုအခါ မြန်မာနိုင်ငံမှ မွေးမြူရေး ရေငန်ပုစွန်များကိုလည်း တရုတ်နိုင်ငံသို့ တရားဝင် GACC နည်းလမ်းဖြင့် တင်ပို့နိုင်ရေးအတွက် ပြည်တွင်းမှ ရေငန်ပုစွန် မွေးမြူရေး ကုမ္ပဏီလေးခုသည် မှတ်ပုံတင်ခွင့် ရရှိထားပြီး နောက်ထပ်ကုမ္ပဏီများက လည်း မှတ်ပုံတင်ခွင့် လျှောက်ထားကြောင်း၊ အဆိုပါ မွေးမြူရေး ရေငန်ပုစွန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် အေးခဲပုစွန် အဖြစ် တင်ပို့ရခြင်းဖြစ်သည့်အတွက် Reefer Container များဖြင့် ပင်လယ် ရေကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာ့ရေထွက်ကုန်များကို နှစ်စဉ် အမေရိကန်၊ ထိုင်း၊ တရုတ်၊ ဆော်ဒီအာ ရေဗျ၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ယူအေအီးနှင့် ဗြိတိန်နိုင်ငံတို့ အပါအဝင် ပြည်ပနိုင်ငံပေါင်း ၄၀ ခန့်သို့ တင်ပို့လျက် ရှိပြီး ထိုသို့တင်ပို့ရာတွင် စုစုပေါင်းရေထွက် ကုန်အမယ် ၃၀၀ ကျော်ရှိကာ ထိုရေထွက် ကုန်များကို ငါးအုပ်စု၊ ပုစွန်အုပ်စုနှင့် ငါး၊ ပုစွန်မဟုတ်သော တခြားရေထွက်ကုန် အုပ်စုဟူ၍ အဓိကအုပ်စုသုံးစုခွဲ၍ တင်ပို့ လျက်ရှိကြောင်း သိရသည်။