ဟားမက်အဖွဲ့အကြီးအကဲ အစ္စမေးဟားနီးယေး တီဟီရန်တွင် လုပ်ကြံခံရ
ဟားမက်အဖွဲ့ အကြီးအကဲ အစ္စမေးဟားနီးယေးသည် အီရန်နိုင်ငံမြို့တော် တီဟီရန်၌ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရကြောင်း အဆိုပါစစ်သွေးကြွအဖွဲ့က ဇူလိုင် လ ၃၁ ရက်တွင် ထုတ်ပြန်သည်။
အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အစ္စမေးဟားနီးယေးနှင့် ၎င်း၏ လုံခြုံရေးမှူးတစ်ဦးသည် ဇူလိုင်လ ၃၁ ရက်အစောပိုင်းတွင် လုပ်ကြံ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး ဟားမက်အဖွဲ့ကမူ အဆိုပါလုပ်ကြံမှုသည် အစ္စရေးတို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားသည်။ ဟားနီးယေးသည် အီရန်သမ္မတသစ်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ပြီးနောက် ၎င်း၏နေအိမ်၌ လုပ်ကြံခံရခြင်း ဖြစ်ကြောင်း ဟားမက်အဖွဲ့က ဆက်လက်ပြောကြားသည်။ အဆိုပါလုပ်ကြံမှုကို အီရန်နိုင်ငံက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
ဟားနီးယေးသည် ဟားမက်အဖွဲ့၏ ပေါလစ်ဗြူရို အကြီးအကဲဖြစ်ပြီး ၎င်းလုပ်ကြံခံရမှုအပေါ် အီရန်၊ ကာတာ၊ တူကီယဲနှင့် ယီမင်နိုင်ငံတို့က ဝေဖန်ပြောကြားထားသည်။ ဟားနီးယေး လုပ်ကြံခံရခြင်းသည် အီရန်နှင့် ပါလက်စတိုင်းတို့ကြား ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထို့ပြင် ယခုဖြစ်ရပ်မှာ နိုင်ငံတကာ ဥပဒေကိုချိုးဖောက်ခြင်းဖြစ်ပြီး ဒေသတွင်း အန္တရာယ်ရှိသော တင်းမာမှုဖြစ်သည်ဟု သဘောထားကြောင်း ကာတာနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အလားတူပင် အစ္စရေးနိုင်ငံသည် ငြိမ်းချမ်းရေး လမ်းစဉ်ကိုရှာဖွေခြင်း မရှိကြောင်း၊ ပဋိပက္ခများ ပိုမိုမကြီးထွားမီ အန္တရာယ်ဖြစ်ပေါ်စေမည့် ဆောင်ရွက်ချက်များကို ရပ်တန့်သင့်ကြောင်း တူကီယဲနိုင်ငံက တိုက်တွန်းထားသည်။