အမေရိကန်က ဖိလစ်ပိုင်အား စစ်ရေးအကူအညီအဖြစ် ဒေါ်လာသန်း ၅၀၀ ပေးအပ်မည်

 

အမေရိကန်က ဖိလစ်ပိုင်အား စစ်ရေးအကူအညီအဖြစ် ဒေါ်လာသန်း ၅၀၀ ပေးအပ်မည်

 

      ဖိလစ်ပိုင်နိုင်ငံ၏ စစ်ရေး စွမ်းဆောင်ရည် တိုးမြှင့်ရေးအတွက်  စစ်ရေးအကူအညီ အဖြစ် ဒေါ်လာသန်း ၅၀၀ ပေးအပ်မည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန် သည်။

အငြင်းပွား တောင်တရုတ်ပင်လယ် အတွင်း တင်းမာမှုများမြင့်တက်လာစဉ် ဖိလစ်ပိုင် အား  အမေရိကန်က စစ်ရေးအကူအညီ ပေးအပ်မည့် အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့က ဇူလိုင်လ ၃၀ ရက်တွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ၊   ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၊ ဖိလစ်ပိုင်ကာကွယ်ရေး ဝန်ကြီးတို့နှင့် တွေ့ဆုံပြီးနောက် စစ်ရေးအကူအညီပေးအပ်မည့် အစီအစဉ် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်တပ်မတော်နှင့် ကမ်းခြေစောင့် တပ်ဖွဲ့တို့အား အဆင့်မြှင့်တင်မည့် အဆိုပါ စစ်ရေးအကူအညီပေးမှုသည်  မျိုးဆက်တစ်ခုအတွင်း တစ်ကြိမ်သာ လုပ်ဆောင်လေ့ ရှိသည့် စစ်ရေးအကူအညီပေးမှုဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်ကပြောကြားသည်။

ယခုပေးအပ်သည့်   အကူအညီသည် ဖိလစ်ပိုင်နိုင်ငံအပေါ် အမေရိကန်အစိုးရ၊ ကွန်ဂရက်နှင့် အမေရိကန်ပြည်သူများက ထောက်ခံလျက်ရှိသည်ဟူသော သတင်း စကားဖြစ်ကြောင်း အော်စတင်က နှစ်နိုင်ငံကြား ပူးတွဲပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဆက်လက် ပြောကြားခဲ့ကြောင်းသိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၅ ခုနှစ်မှ ၂၀၂၂ခုနှစ်အတွင်း ဒေါ်လာ ၄၇၅ ဒသမ ၃ သန်းတန်ဖိုးရှိ    ပြည်ပစစ်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုများ အပါအဝင် ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံတန်ဖိုးရှိ စစ်ရေးအကူအညီများကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့သည် ၎င်းတို့၏ ၁၀ ရက်ကြာ အင်ဒို-ပစိဖိတ်ဒေသ ခရီးစဉ်အတွင်း ဗီယက်နမ်၊ လာအိုနှင့် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး အမေရိကန်သို့မပြန်မီ နောက်ဆုံးခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ ဆက်လက် သွားရောက်မည်ဖြစ်သည်။

Dates: 
Thursday, August 1, 2024 - 12:49