အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
နေပြည်တော် သြဂုတ် ၁
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်မှာ သက်တမ်းအားဖြင့် (၃)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လူမှုရေး ဦးတည်ချက် (၃) ရပ်တွင် ပါဝင်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး”၊ “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်တွင် စတင်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း။
ယနေ့အခမ်းအနားတွင် ဝန်ကြီးရုံး၊ အားကစားနှင့် ကာယပညာဦးစီးဌာန (နေပြည်တော်)နှင့် လူငယ်ရေးရာ ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများ အနက်မှ ဝန်ကြီးဌာနတွင်း/ ဌာနပြင်ပ သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့သည့် ဝန်ထမ်း ၆ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ရက်အတွင်း အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ် အားကစားပြိုင်ပွဲများတွင် အားကစားနည်း အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြသည့် မိမိတို့ ဝန်ကြီးဌာနမှ အားကစားသမား စုစုပေါင်း ၁၃ ဦးတို့ကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေကျပ် ၅၁ သိန်းတို့ကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍတွင် စည်းကမ်းရှိရှိ၊ တာဝန်သိသိဖြင့် မိသားစုညီအစ်ကို မောင်နှမသဖွယ် စည်းစည်းလုံးလုံး ပျော်ရွှင်စွာ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် ဝန်ထမ်း အားကစားသမားများနှင့် သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့သည့် ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ် ချီးမြှင့်သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။