ဟားနီးယေး လုပ်ကြံခံရမှု အစ္စရေးကို ပြင်းပြင်းထန်ထန် အပြစ်ပေးမည်ဟု အီရန် သတိပေး

 

ဟားနီးယေး လုပ်ကြံခံရမှု အစ္စရေးကို  ပြင်းပြင်းထန်ထန် အပြစ်ပေးမည်ဟု အီရန် သတိပေး

 

    ဟားမက်စ်အဖွဲ့အကြီးအကဲ အစ္စမေးဟားနီးယေး လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် စပ်လျဉ်း၍ အစ္စရေးအား ပြင်းပြင်းထန်ထန် အပြစ်ပေးမည်ဖြစ်ကြောင်း   အီရန်ဘာသာရေး ခေါင်းဆောင် အေယာတိုလာ အလီခါမေနီက သတိပေးလိုက်ကြောင်း သိရသည်။

ဟားမက်စ်အဖွဲ့မှ နိုင်ငံရေးအကြီးအကဲ ဟားနီးယေးသည် အီရန်နိုင်ငံမြို့တော် တီဟီရန်၌    ဇူလိုင်လ ၃၁ ရက်တွင် လုပ်ဆောင်သည့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအတွင်း သတ်ဖြတ်မှု ခံလိုက်ရခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ဒေသတွင်း နိုင်ငံများက အစ္စရေးနိုင်ငံအား အပြစ်တင်ထားသော်လည်း  အစ္စရေးအစိုးရကမူ တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားထားခြင်း မရှိပေ။

ဟားနီးယေးအား လုပ်ကြံသတ်ဖြတ်မှုသည် အီရန်နိုင်ငံ၏ နယ်နိမိတ်အတွင်းဖြစ်ပွား ခဲ့ခြင်းကြောင့် မိမိတို့၏တာဝန်မှာ လုပ်ကြံသတ်ဖြတ်မှုအပေါ်  လက်တုံ့ပြန်ရန်ဖြစ် ကြောင်း  ခါမေနီက ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ကလည်း အစ္စရေးနှင့် ၎င်း၏မဟာမိတ်နိုင်ငံများအား   ပြင်းထန်စွာ တုံ့ပြန်မည်ဟု ခြိမ်းခြောက်ထားသည်။

ဟားနီးယေးသည် အီရန်သမ္မတသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ  အခမ်းအနားသို့ တက်ရောက်ပြီးနောက် ၎င်း၏နေအိမ်၌ လုပ်ကြံခံရခြင်းဖြစ်ကြောင်း ဟားမက်စ်အဖွဲ့က ပြောကြားသည်။ ဟားနီးယေးသည် ဟားမက်စ်အဖွဲ့၏ ပေါလစ်ဗျူရို အကြီးအကဲဖြစ်ပြီး  ၎င်းလုပ်ကြံခံရမှုအပေါ်  အီရန်၊ ကာတာ၊ တူကီယဲနှင့် ယီမင်နိုင်ငံတို့က ဝေဖန်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်  အောက်တိုဘာလအတွင်း၌  အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှုတွင် ပါဝင်သည့်   ဟားမက်စ်အဖွဲ့မှ  ထိပ်တန်းခေါင်းဆောင်များအား သုတ်သင်ရှင်းလင်း ပစ်မည်ဟု   အစ္စရေးနိုင်ငံက ဟားနီးယေး လုပ်ကြံသတ်ဖြတ်ခြင်းမခံရမီ ခြိမ်းခြောက်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင်  အဆိုပါဖြစ်ရပ်နှင့် စပ်လျဉ်း၍ အစ္စရေးနိုင်ငံသည် နိုင်ငံတကာဥပဒေကို ဆိုးရွားစွာ ချိုးဖောက်လျက်ရှိကြောင်း ရုရှား နိုင်ငံကလည်း ဝေဖန်ပြောကြားထားသည်။

Dates: 
Friday, August 2, 2024 - 12:44