ဗီယက်နမ်၏ ရေကြောင်းလုံခြုံရေးကို တိုးမြှင့်ရန် အိန္ဒိယက ချေးငွေဒေါ်လာသန်း ၃၀၀ ပေးအပ်ရန် ကမ်းလှမ်း
ဗီယက်နမ်နိုင်ငံ၏ ရေကြောင်းလုံခြုံရေး တိုးမြှင့်နိုင်ရန်အတွက် ချေးငွေအဖြစ် ဒေါ်လာသန်း ၃၀၀ ပေးအပ်ရန် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက သြဂုတ်လ ၁ ရက်တွင် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံအား အင်ဒို-ပစိဖိတ်ဒေသတွင်းရှိ အရေးပါသည့် လုပ်ဖော်ကိုင်ဖက် နိုင်ငံတစ်နိုင်ငံ အဖြစ်သာမက အရှေ့တောင်အာရှဒေသဆိုင်ရာ အိန္ဒိယနိုင်ငံ၏ မူဝါဒဖော်ဆောင်မှုတွင် အဓိကဒေါက်တိုင်ကြီး တစ်ခုအဖြစ် သဘောထားကြောင်း ဝန်ကြီးချုပ်မိုဒီက နိုင်ငံအတွင်းသို့ အလည်အပတ် ရောက်ရှိနေသည့် ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင်အား ပြောသည်။
အိန္ဒိယနှင့် ဗီယက်နမ်နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကိုလည်း လာမည့်ငါးနှစ်အတွင်း နှစ်ဆတိုးမြှင့်ရန် နှစ်နိုင်ငံခေါင်းဆောင်များက ဆန္ဒရှိနေကြောင်းသိရသည်။ ထို့ပြင် နှစ်နိုင်ငံစလုံးအနေဖြင့် ကာကွယ်ရေး၊ မှတ်ဉာဏ်တု နည်းပညာ၊ ရာသီဥတုပြောင်းလဲမှုအပေါ် တုံ့ပြန်မှုနှင့် အခြားနည်းပညာကဏ္ဍတို့တွင်လည်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် စီစဉ်လျက်ရှိသည်။
ယနေ့ကမ္ဘာကြီးသည် ပြင်းထန်သည့် ပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ သို့သော် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက်လည်း အခွင့်အလမ်းများ ရှိနေကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင်က တုံ့ပြန်ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံအတွင်းရှိ စွမ်းအင်၊ ဓာတ်သတ္တုရှာဖွေရေး၊ စိုက်ပျိုးရေး၊ သတင်းအချက်အလက်နှင့် နည်းပညာအပါအဝင် အခြားကဏ္ဍများ၌ အိန္ဒိယနိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် ပမာဏသည် ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံရှိကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။