တက်စလာရဲ့ လေပေါ်ပျံဝဲနေမယ့် Roadster ၂၀၂၅ ခုနှစ်မှာ စျေးကွက်ဝင်မည်
တက်စလာကုမ္ပဏီက ကာလရှည်ကြာ စောင့်ဆိုင်းနေရသည့် Roadster ကို နောက်ထပ်မျိုးဆက်သစ် ပုံစံတစ်မျိုးဖြင့် ထုတ်ဖော်မိတ်ဆက်သွားမည်ဟု အီလွန်မက်ကပြောလာသည်။ ထုတ်လုပ်မှုကိုမူ ၂၀၂၅ ခုနှစ်တွင် လုပ်ဆောင်မည်ဖြစ်ပြီး ပမာဏအနည်းငယ်ဖြင့် စတင်ထုတ်လုပ်မည်ဖြစ်သည်။
Roadster အမျိုးအစားပြိုင်ကား စိတ်ကူးပုံစံကို တက်စလာကုမ္ပဏီက ၂၀၁၇ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က Roadster ၏ စွမ်းဆောင်ရည်များအနက်အချို့တွင် အမြန်နှုန်း သုညမှ မိုင် ၆၀ အထိ ကို ၁ ဒသမ ၉ စက္ကန့်အတွင်းအရှိန်တင်နိုင်မှု၊ အမြင့်ဆုံးသော အမြန်နှုန်းအဖြစ် မိုင် ၂၅၀ အထိ မောင်းနှင်နိုင်မှုတို့ ပါဝင်သည်။
သို့သော် ယခုမျိုးဆက်သစ်ပုံစံတွင်မူ SpaceX ကုမ္ပဏီက ထုတ်လုပ်ထားသော ဒုံးစက်အငယ်စား ၁၀ ခုအထိ ပါဝင်လာမည် ဖြစ်သည့်အတွက် အရှိန်တင်ခြင်းနှင့် ဘရိတ်ဖမ်းသည့်စနစ်တို့တွင် ပြိုင်ဘက်များထက် လွန်စွာသာလွန်မည်ဟု အီလွန်မက်က ဆိုထားသည်။
ထို့ထက်ပို၍ စိတ်ဝင်စားဖို့ကောင်းသည့် အချက်မှာ ယင်းကဲ့သို့သော အရှိန်မြှင့်တင်နိုင်မှုကြောင့် Roadster အနေဖြင့် လေပေါ်တွင် အချိန်တိုအတိုင်းအတာ တစ်ခုအထိ ပျံဝဲနိုင်နေမည် ဆိုသည့်အချက်ဖြစ်သည်။
ထိုကဲ့သို့သော မြင့်မားလှသည့် စွမ်းဆောင်ရည်များရှိသော Roadster ပြိုင်ကားအတွက် လောင်စာကိုမူ လျှပ်စစ်စနစ်သာ အသုံးပြုသွားမည်ဖြစ်သည်။
ယခုမော်တော်ကားသည် လျှပ်စစ်ကား ကုမ္ပဏီနှင့် ဒုံးပျံလွှတ်တင်မှု အင်ဂျင်နီယာ ကုမ္ပဏီတို့ကြား ပထမဆုံးပေါင်းစည်း အကောင်အထည်ဖော်မှု၏ ရလဒ်ဖြစ်လာမည်ဖြစ်သည့်အတွက် ယင်းနည်းပညာကို “ဂြိုဟ်သားနည်းပညာ” ဟုပင် အီလွန်မက်က သတ်မှတ်ထားသည်။
သို့သော် ဒုံးစက်အငယ်စားများအတွက် လောင်စာများကိုမူ မည်သည့်စွမ်းအင် အသုံးပြုမည်နှင့်ပတ်သက်၍ မေးခွန်းများစွာ ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။