A6 e-tron က လျှပ်စစ်ကားတွေထဲမှာ အကောင်းဆုံးဟု အော်ဒီကုမ္ပဏီ ထုတ်ပြန်

 

A6 e-tron က လျှပ်စစ်ကားတွေထဲမှာ အကောင်းဆုံးဟု အော်ဒီကုမ္ပဏီ ထုတ်ပြန်

 

    အော်ဒီကုမ္ပဏီက A6 e-tron မော်ဒယ်လျှပ်စစ်ကားများကို ထုတ်ဖော်ပြသလိုက်ပြီး ထိုကားများက ၎င်းတို့နှင့်အတန်းအစားတူ လျှပ်စစ်ကားများထဲတွင် အကောင်းဆုံးဟု ကုမ္ပဏီက ထုတ်ပြန်ထားသည်။

A6 e-tron  မော်ဒယ်မှာမှ   Sport back နှင့် Avant ဟူ၍ အမျိုးအစား နှစ်မျိုးကိုရရှိနိုင်ပြီး    သွားနိုင်သည့်ခရီးအကွာအဝေးနှင့် စွမ်းဆောင်ရည်တို့မှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်ဟု ဆိုသည်။

A6 e-tron မော်ဒယ်တွင် ဘက်ထရီ စွမ်းအင်ပမာဏက စုစုပေါင်း ကီလိုဝပ်နာရီ ၁၀၀ ပါဝင်ကာ လျှပ်စစ်မော်တာတစ်လုံးတည်းသာ   တပ်ဆင်ထားသော်လည်း မြင်းကောင်ရေ ၃၀၀ ကျော်အားကို ထုတ်ပေးနိုင်စွမ်းရှိသည်။

သွားနိုင်သည့် ခရီးအကွာအဝေးမှာမူ Avant က ၇၁၉ ကီလိုမီတာနှင့် Sport back  က ကီလိုမီတာ ၇၅၀ ရှိသောကြောင့် BMW i5 နှင့် Mercedes EQE တို့ထက် စွမ်းဆောင်ရည်ပိုင်းတွင် များစွာသာလွန်သည်။

A6 e-tron ၏ အားသွင်းနိုင်မှု စွမ်းရည်ကလည်း စိတ်ဝင်စားစရာကောင်းလှသည်။ စွမ်းဆောင်ရည်မြင့်မားသော DC အားသွင်းစက်ဖြင့်အားသွင်းပါက အမြင့်ဆုံးအဖြစ် ကီလိုဝပ် ၂၇၀ နှုန်းဖြင့် အားသွင်းနိုင်မည် ဖြစ်သောကြောင့်   ဘက်ထရီစွမ်းအင် ၁၀ ရာခိုင်နှုန်းမှ  ၈၀  ရာခိုင်နှုန်းအထိကို အချိန်  ၂၁  မိနစ်သာ ကြာမြင့်မည်ဖြစ်သည်။

ထိုလျှပ်စစ်ကားနှစ်မျိုးစလုံးကို လာမည့် စက်တင်ဘာလမှစ၍ အမှာစာတင်နိုင်မည် ဖြစ်ပြီး  A6 e-tron  Sportback ၏ အခြေခံစျေးနှုန်းမှာ ယူရို ၇၅၆၀၀ ဖြင့် စတင်ကာ Avant မှာမူ ယူရို ၇၇၂၅၀ ဖြင့် စတင်မည်ဖြစ်ကြောင်း သိရသည်။

Dates: 
Saturday, August 3, 2024 - 19:20