အီရန်က အစ္စရေးကို အကြီးအကျယ် တိုက်ခိုက်မှု လုပ်နိုင်ဖွယ်ရှိဟု အမေရိကန် တာဝန်ရှိသူများခန့်မှန်း

 

အီရန်က အစ္စရေးကို အကြီးအကျယ် တိုက်ခိုက်မှု လုပ်နိုင်ဖွယ်ရှိဟု အမေရိကန် တာဝန်ရှိသူများခန့်မှန်း

 

    အီရန်နိုင်ငံ တီဟီရန်မြို့၌ ဟားမက် နိုင်ငံရေးခေါင်းဆောင် အစ္စမေးဟားနီယေး လုပ်ကြံခံရပြီးနောက် အီရန်က အစ္စရေးကို အကြီးအကျယ် တိုက်ခိုက်မှု လုပ်နိုင်ဖွယ်ရှိသည်ဟု  အမေရိကန် တာဝန်ရှိသူများက ခန့်မှန်းထားသည်ဟု သတင်းဌာနများကဖော်ပြထားသည်။

ဟားမက်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင် တစ်ဦးနှင့် နိုင်ငံရေးဗျူရို အကြီးအကဲ အစ္စမေးဟားနီယေးသည် အီရန်နိုင်ငံ၏မြို့တော်၌ နေထိုင်နေစဉ် ဇူလိုင်လ  ၃၁  ရက်တွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်ဟု ဟားမက်အဖွဲ့က ပြောသည်။

သို့သော် အစ္စမေးဟားနီယေး တည်းခိုနေထိုင်သည့်နေရာ၌ ဗုံးထောင်ဖောက်ခွဲခြင်းကြောင့် အဆိုပါနိုင်ငံရေး ခေါင်းဆောင် သေဆုံးခြင်းဖြစ်သည်ဟု New York Times သတင်းဌာနက ဖော်ပြထားသည်။

ထို့နောက်   အဆိုပါလုပ်ကြံမှုသည် အစ္စရေး၏ လက်ချက်ဖြစ်သည်ဟု ဟားမက်နှင့် အီရန်တာဝန်ရှိသူများက ပြောသည်။ ထို့ပြင် ၎င်းတို့အနေဖြင့် အစ္စရေးနိုင်ငံကို လက်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟုလည်း ကတိပြုထားသည်။

အလားတူ အစ္စမေးဟားနီယေး လုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ လက်တုံ့ပြန်ရန် အီရန်နိုင်ငံ၌ အပြည့်အဝ တာဝန်ရှိကြောင်းနှင့် အစ္စရေးကိုပြင်းထန်စွာ အပြစ်ပေးသွားမည်ဖြစ်ကြောင်း အီရန်ဦးသျှောင် အယာတိုလာအလီခါမေနီက    ကတိပြုထားသည်။

တစ်ချိန်တည်းမှာပင် ယခုလုပ်ကြံမှု၌ အမေရိကန်နိုင်ငံသည်လည်း တာဝန်မကင်း ကြောင်း၊ အစ္စရေးကို အမေရိကန်ကထောက်ပံ့ ပေးနေခြင်း ဖြစ်ကြောင်း အီရန်အစိုးရက ထုတ်ပြန်ထားသည်။

သို့ရာတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အစ္စရေးအစိုးရနှင့် အမေရိကန်အစိုးရတို့က မည်သို့မျှတုံ့ပြန်ထားခြင်း မရှိသည်ကို တွေ့ရသည်။

အမေရိကန်အစိုးရကမူ ဖြစ်ပေါ်လာနိုင်သော အစ္စရေးအပေါ် အီရန်၏လက်တုံ့ပြန် တိုက်ခိုက်မှုများအတွက် အသင့်ပြင်ဆင်ထားကြောင်းနှင့် ထိုသို့လက်တုံ့ပြန်မှုတွင် အမေရိကန် တပ်ဖွဲ့များသည်လည်း ပစ်မှတ်ဖြစ်လာနိုင်ကြောင်း CNN သတင်းဌာနကဖော် ပြထားသည်။

ထို့အတူ အီရန်အစိုးရသည် လုပ်ဆောင်လာနိုင်သော လက်တုံ့ပြန်တိုက်ခိုက်မှုအတွက် လက်ဘနွန်၊ အီရတ်နှင့် ယီမင်နိုင်ငံတို့မှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် စီစဉ်ထားကြောင်း    Reuters သတင်းဌာနက ဖော်ပြထားသည်။

လုပ်ကြံခံလိုက်ရသည့် အစ္စမေးဟားနီယေး၏ ရုပ်အလောင်းကို ကာတာနိုင်ငံ ဒိုဟာမြို့မြောက်ပိုင်းရှိ   လူဆေးမြို့၌ သင်္ဂြိုဟ် သွားမည်ဖြစ်ကြောင်း သိရသည်။

Dates: 
Saturday, August 3, 2024 - 19:22