ပါကစ္စတန်နိုင်ငံ၌ မိုးရွာရေကြီးမှုများကြောင့် အနည်းဆုံးလူ အယောက် ၃၀ သေဆုံး

 

ပါကစ္စတန်နိုင်ငံ၌ မိုးရွာရေကြီးမှုများကြောင့် အနည်းဆုံးလူ အယောက် ၃၀ သေဆုံး

 

    ယခုသီတင်းပတ်အတွင်း ပါကစ္စတန်နိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာ ရွာသွန်းမှု၊ ရေကြီးမှုများကြောင့် အနည်းဆုံး လူအယောက် ၃၀ သေဆုံးကြောင်း သိရသည်။

နိုင်ငံ၏ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် လာဟိုးမြို့မှာ မိုးရွာသွန်းမှုဒဏ်ကို အဆိုးဆုံး ရင်ဆိုင်ရကြောင်းနှင့် နှစ်ပေါင်း ၄၀ အတွင်း မိုးရေချိန်အမြင့်ဆုံးဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများက    ထုတ်ပြန်ထားသည်။

နိုင်ငံမြောက်ပိုင်း၌   မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးမှုများနှင့်အတူ အဆောက်အအုံများ ပြိုကျမှုဖြစ်ပွားရာ တစ်ချိန်တည်းမှာပင်    ဓာတ်လိုက်မည့် အန္တရာယ်နှင့်လည်း ရင်ဆိုင်နေရသည်။

မိုးရွာသွန်းမှုများကြောင့် နိုင်ငံအရှေ့ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်၌ လူခြောက်ဦးသေဆုံးကာ ရေကြီးမှုများ ဆက်လက်ဖြစ်ပွား လာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။

အလားတူ ပြီးခဲ့သည့် သုံးရက်အတွင်း နိုင်ငံအနောက်မြောက်ပိုင်း ခိုင်ဘာပတ်တန်ခွာမြို့၌ မိုးရွာရေကြီးမှုများကြောင့် ကလေးငယ် ၁၂ ဦးအပါအဝင် လူ ၂၄ ဦး သေဆုံးသည်ဟု သဘာဝဘေးစီမံခန့်ခွဲမှုဌာနမှ ပြောရေးဆိုခွင့်ရှိသူ  အန်နဝါရှာဇတ်က  ပြောသည်။

တောင်အာရှဒေသ၌ ယခုနှစ်မုတ်သုံ ရာသီစတင်သည်နှင့် မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခြင်းကြောင့် ပါကစ္စတန်နိုင်ငံ၏ အိမ်နီးချင်းဖြစ်သော  အိန္ဒိယနိုင်ငံတွင် အနည်းဆုံးလူ ၁၉၅ ဦးသေဆုံးပြီး ၂၀၀ နီးပါး ပျောက်ဆုံးနေသည်။

ပါကစ္စတန်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှု၊ မိုးလေဝသ အခြေအနေပြင်းထန်မှုတို့၏ ဒဏ်ကို အပြင်းထန်ဆုံး ခံစားရသည့်နိုင်ငံများတွင် တစ်နိုင်ငံအဖြစ်ပါဝင်ကြောင်း ကမ္ဘာ့အဖွဲ့အစည်းအသီးသီးက သတ်မှတ်ထားသည်။

၂၀၂၂ ခုနှစ်အတွင်း ပါကစ္စတန်နိုင်ငံ တစ်ဝန်းဖြစ်ပွားသော ရေကြီးမှုများကြောင့် လူ ၁၇၀၀ ကျော်သေဆုံးပြီး သန်းပေါင်းများစွာမှာ ဘေးလွတ်ရာ ရွှေ့ပြောင်းရကြောင်း သိရသည်။

Dates: 
Saturday, August 3, 2024 - 19:22