ကောင်းကျိုးဖြာဖြာ ချည်မျှင်ရှည်ဝါ
လူဟူ၍ဖြစ်လာသည်နှင့် မလွဲမသွေရင်ဆိုင်ရမည့်အရာ သုံးမျိုးရှိနေသည်ကို ကျွန်ုပ်တို့အားလုံး သိရှိပြီးဖြစ်၏။ စားရေး၊ ဝတ်ရေး၊ နေရေးဟူသော ပြဿနာကြီးသုံးရပ်သည် လူသားတို့နှင့် နိစ္စဓူဝကြုံတွေ့နေရသည့် အရာများပင်ဖြစ်သည်။ စားသောက်ရေးနှင့် ပတ်သက်၍ “စားစရာမရှိ လျော်စရာရှိ”၊ နေထိုင်ရေး အခက်အခဲနှင့်ပတ်သက်၍ “သေရေးထက် နေရေးခက်” ဟူသည့် စကားတို့သည် အမှန်တကယ်ချို့တဲ့သူများအတွက် ခက်ခဲသောပြဿနာပင်ဖြစ်သည်။ အဝတ်အထည်ဝတ်ဆင်ရေးနှင့် ပတ်သက်၍လည်း “တောင်းမှာအကွပ် လူမှာအဝတ်”စသည့်စကားများက မှတ်သားထိုက်ဖွယ် ကောင်းလှသည်။ စားဝတ်နေရေး ပြဿနာသုံးရပ်သည် လူတစ်ဦး၊ မိသားစု တစ်စု၊ နိုင်ငံတစ်နိုင်ငံတည်းသာ ကြုံတွေ့နေရသည့် ပြဿနာများ မဟုတ်ပေ။
အချို့သော နိုင်ငံများနေရေးအတွက် ခက်ခဲ နေကြသည်။ စားရေးအတွက်ခက်ခဲနေကြသည်။ ဝတ်ရေးအတွက်လည်း ချို့တဲ့နေကြသည်ကို တွေ့ရှိရသည်။ မိမိတို့နိုင်ငံသည် အလေ့ကျပေါက်ရောက်သော သီးပင်စားပင်များမှအစ စနစ်တကျစိုက်ပျိုးလျှင် ပို၍အောင်မြင်ဖြစ်ထွန်းသော သီးနှံပင်များစွာ ပေါက်ရောက်သဖြင့် အခြားသောနိုင်ငံများထက် များစွာကံကောင်းသည်ဟု ဆိုရပေမည်။
ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် သဘာဝတရား၏ မျက်နှာသာပေးချက်အရ ကမ္ဘာ့ပထဝီ မြေမျက်နှာသွင်ပြင်ကောင်းကို ပိုင်ဆိုင်ထားသည်။ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသည်။ ထွန်ယက်စိုက်ပျိုးနိုင်သော မြေဆီမြေလွှာများ ရှိသည်။ လူဦးရေ အချိုးနှင့်မျှတစွာ နေထိုင်နိုင်သည့် မြေဧရိယာ အကျယ်အဝန်းရှိသည်။ ဆိုရလျှင် မြန်မာနိုင်ငံသည် စားဝတ်နေရေးတို့အတွက် နောင်ရေးစိတ်ချရသော နိုင်ငံတစ်ခုပင်ဖြစ်ပေသည်။ အဝတ်အထည်အတွက် အဓိကကုန်ကြမ်းသည် “ဝါ” ဖြစ်၏။ သို့သော်ငြား ဝါကုန်ကြမ်းအား ကုန်ချောအဖြစ် ထုတ်လုပ် နိုင်ရန် လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။ ဝါ သီးနှံစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ၇-၃-၂၀၂၄ ရက်တွင် ပြုလုပ်သည့် ဝါ သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ရာတွင် “မိမိတို့နိုင်ငံတွင် ဝါ များ စိုက်ပျိုးထွက်ရှိသော်လည်း ဝါဂွမ်းကိုစနစ်တကျဖြင့် ထုတ်လုပ်နိုင်ခြင်း မရှိသေးကြောင်း၊ လက်ရှိ ဝါ စိုက်ဧက ၅ သိန်း၌ ၁ ဧကလျှင် ပိဿာချိန် ၇၀၀ ခန့် ထွက်ရှိမည်ဆိုပါက လူဦးရေသန်း ၅၀ တွင် တစ်ဦးလျှင် ချည်ပိတ်ကိုက် ၃၀ ခန့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ လက်ရှိထွက်နေသည့် ဝါ ကုန်ကြမ်းများကို ချည်ချောများ ထုတ်လုပ်နိုင်မည်ဆိုပါက ပြင်ပမှ ချည်ထည်များ တင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အဆင့်မီသည့် ချည်ထည်များကို ထုတ်လုပ်နိုင်ခြင်းဖြင့် မိမိတို့နိုင်ငံ အတွင်း အထည်ချုပ်လုပ်ငန်းများ တိုးတက်လာပြီး နိုင်ငံအတွက်လိုအပ်သည့် အဝတ်အထည်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း” မှာကြားခဲ့သည်ကို မှတ်သားသိရှိရသည်။
ဝါ စိုက်ပျိုးမည်ဆိုပါက အခြေခံအကျဆုံး လိုအပ်ချက်သည် မျိုးဝါစေ့ပင်ဖြစ်၏။ အပင် အရေအတွက်ပြည့်မီရေးနှင့် ဝါ အထွက်နှုန်း ကောင်းမွန်ရေးသည် ဝါ မျိုးစေ့အရည်အသွေးပေါ်တွင် များစွာ မူတည်လျက်ရှိကြောင်း တွေ့ရှိရသည်။ စိုက်ပျိုးရေးဦးစီးဌာန ဝါ နှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲမှ ရောင်းချသော ငွေချည်-၉၊ ငွေချည်-၁၁၊ ရွှေတောင်-၈ နှင့် ရွှေတောင် ၁၀ မျိုးစေ့များသည် အထွက်နှုန်း သင့်တင့်ပြီး ဒေသနှင့်သင့်လျော်သော မျိုးများဖြစ်ကြသည်။ မျိုးဝါစေ့များအားစိုက်ပျိုးခြင်း မပြုမီ မျိုးစေ့အမွေးချွတ်၍ မှိုသတ်ဆေးများနှင့် လူးနယ်ခြင်းဖြင့် ပြုပြင်ဆောင်ရွက်နိုင်သည်။ အကျိုးကျေးဇူးအားဖြင့် အစိုဓာတ်အနည်းငယ်ဖြင့် အပင်ပေါက်နိုင်ခြင်း၊ အပင်ပေါက် ရာခိုင်နှုန်းပိုမိုကောင်းမွန်ခြင်း၊ မျိုးစေ့အတွင်း ခိုအောင်းနေသော ပိုးကောင်များ သေစေသဖြင့် အပင်ပေါက်ပျက်စီးမှု နည်းခြင်း၊ မျိုးစေ့ဆောင်ရောဂါနှင့် ပိုးမွှားဒဏ်ခံနိုင်ရည်ပိုရှိခြင်း၊ မျိုးစေ့တစ်ဧကနှုန်းထားကိုလည်း လျှော့ချ၍စိုက်ပျိုးနိုင်ခြင်း၊ မျိုးစေ့ချကိရိယာ၊ မျိုးစေ့ချစက်များဖြင့် စိုက်ပျိုးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိသည်ကို မှတ်သားသိရှိရသည်။
ဝါ သည် လိုအပ်သလိုပြုပြင်ပေးပါက မည်သည့်မြေပေါ်တွင်မဆို ပေါက်ရောက် ဖြစ်ထွန်းနိုင်သော်လည်း အကောင်းဆုံးမြေမှာ ရေသွင်းရေထုတ်လွယ်ကူပြီး မြေချဉ်ငန်ဓာတ် ၆ မှ ၆ ဒသမ ၅ ရှိသော နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်၊ သဲစနယ်နှင့် စနယ်မြေစေးများ ဖြစ်ကြသည်။ ရေသွင်းရန်၊ မြေသြဇာများ ညီညာစွာရရှိရန်၊ အပင်အနိမ့်အမြင့် ညီညာရန်၊ ထွန်ယက်မှုလွယ်ကူရန် အတွက် မြေမျက်နှာသွင်ပြင်ညီညာခြင်းသည် အလွန်အရေးကြီးသည့် အချက်ဖြစ်သည်။ ထယ်ထိုးခြင်းကို ပထမသီးနှံ ရိတ်သိမ်းပြီးလျှင် တစ်ကြိမ်၊ စိုက်ရာသီတွင် တစ်ကြိမ် ဆောင်ရွက်ပေးရသည်။ ထယ်ရေးကို အနည်းဆုံး ၇ လက်မမှ ၁၀ လက်မအထိ နက်အောင်နှင့် အတိမ်အနက်ညီအောင် ဆောင်ရွက်ရမည်။ ချည်မျှင်ရှည်ဝါအား မိုးကြို၊ မိုး၊ မိုးနှောင်းကာလများတွင် စိုက်ပျိုးနိုင်သည်။ ရာသီဥတုပြောင်းလဲလာခြင်း၊ မိုးရေချိန်နှင့် မိုးရွာရက်များ ပြောင်းလဲတတ်ခြင်းတို့ကြောင့် မိုးကြိုဝါကို ဇန်နဝါရီလလယ်မှ ဖေဖော်ဝါရီလကုန်အတွင်း၊ မိုးစိုက်ဝါကို မေလနှင့် ဇွန်လအတွင်း၊ မိုးနှောင်းဝါကို ဇူလိုင်လမှ စက်တင်ဘာလအတွင်း စိုက်ပျိုးရမည်။
ချည်မျှင်ရှည်ဝါစိုက်ပျိုးရာတွင် ဓာတ်မြေသြဇာများကို စနစ်တကျသုံးစွဲရန်လိုသကဲ့သို့ သဘာဝဓာတ်မြေသြဇာများကိုလည်း မဖြစ်မနေတွဲဖက်အသုံးပြုရန် လိုအပ်သည်။
သာမန်မြေ တစ်ဧကတွင် သဘာဝဓာတ်မြေသြဇာအဖြစ် နွားချေးလှည်း ၁၀ စီး သို့မဟုတ် ဇီဝမြေသြဇာ ၁၀ အိတ်ကို ထည့်သွင်းပေးသင့်ပြီး ဓာတ်မြေသြဇာအဖြစ် စိုက်ထယ်ရေးပြုလုပ်ချိန်တွင် ကွန်ပေါင်း ဓာတ်မြေသြဇာ တစ်အိတ်ကို မြေခံထည့်သွင်းပြီး အပိမ့်ဝင်ချိန်တွင် ယူရီးယားဓာတ်မြေသြဇာ အိတ်ဝက်နှင့် ပန်းပွင့်ဖြိုင်ချိန်တွင် ယူရီးယားဓာတ်မြေသြဇာ အိတ်ဝက်ထည့်သွင်းသင့်သည်။ ဝါ သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်ရန် သီးနှံတစ်ရာသီတွင် ရွက်ဖျန်းမြေသြဇာ တစ်ကီလိုအား အနည်းဆုံး လေးကြိမ်ဖျန်းပေးသင့်သည်။
ဝါ ပင်သည် အခြားသီးနှံပင်များနှင့် နှိုင်းယှဉ်ပါက ပိုးကျရောက်မှုပိုမိုများပြားသောကြောင့် ၀ါတစ်ဧကလျှင် စုပ်စားပိုးများအတွက် ခြောက်ကြိမ်၊ သီးလုံးဖောက်ပိုးများအတွက်နှစ်ကြိမ်ပက်ဖျန်းပေးရလေ့ရှိသည်။ ဝါ ပင်သည် ပေါင်းမြက်များ၏ရန်ကို ခံနိုင်ရည်မရှိသောကြောင့် ဝါ စေ့နှင့်အတူ ပေါင်းမြက်များတစ်ပြိုင်တည်း ပေါက်မလာစေရန် ဝါ စေ့စိုက်ပြီး သုံးရက်အတွင်း Pendimethalin ပေါင်းသတ်ဆေး ပက်ဖျန်းပေးခြင်းဖြင့် ပေါင်းပင်ငယ်များကို နှိမ်နင်းနိုင်သည်။ ဝါ စိုက်ပြီး အပင်ပေါက်စုံသည့်အခါ တစ်ပတ်အတွင်း တစ်ကျင်းလျှင် နှစ်ပင်ထက်ပိုသော ဝါ ပင်များကို နုတ်ခြင်း၊ အပင်မပေါက်သောနေရာများတွင် ဝါ ပင်ဖာခြင်းတို့ကို ဆောင်ရွက်ရမည်။
ဝါ ပင်များရှင်သန်ဖြစ်ထွန်းရန် အစိုဓာတ်ထိန်းသိမ်းခြင်း၊ ရေပေးသွင်းခြင်းနှင့် ရေထုတ်ခြင်းတို့ကို ဆောင်ရွက်ရန်လည်း လိုအပ်သည်။ ရေပေးသွင်းရာတွင် ဝါ စိုက်ရာသီအလိုက်၊ အစိုဓာတ်လိုအပ်ချက်အလိုက် မိုးကြိုရာသီတွင်စိုက်ပျိုးချိန်၌ တစ်ကြိမ်၊ စိုက်ခင်းပြုစုချိန်တွင် လေးကြိမ်မှ ငါးကြိမ်သွင်းပေးရန်လိုအပ်သည်။ မိုးနှောင်းရာသီတွင် ဖြည့်စွက်ရေ နှစ်ကြိမ်မှ သုံးကြိမ်သွင်းပေးရမည်။ အကယ်၍ မိုးမရွာလျှင် ၁၀ ရက်ခြား တစ်ကြိမ်ခန့် ရေသွင်းပေးရမည်။ မိုးများ၍ ရေဝပ်နေပါက ရေထုတ်ပေးရန် လိုအပ်သည်။ ထို့ပြင် အပိမ့်စတင်ခါနီးအချိန်၊ ပန်းစပွင့်ချိန်၊ ပန်းပွင့်ဖြိုင်ချိန်နှင့် ဝါ သီးကြီးထွားချိန်တို့တွင် အစိုဓာတ်လုံလောက်စွာ မရပါကလည်း ရေပေးသွင်းရန် လိုအပ်သည်။
ဝါ ပင်များ၌ ပြင်ပပုံသဏ္ဌာန်အားဖြင့် ဝါ သီးကောင်းစွာကွဲ၍ အတွင်းရှိဂွမ်းမွေးများ အလွယ်တကူ ဆွဲကောက်ယူနိုင်သော အချိန်တွင် ဝါ စတင်ကောက်ယူရပြီး အနည်းဆုံး သုံးကြိမ် ကောက်ယူရသည်။ အချိန်မီ မကောက်သိမ်းနိုင်ပါက ဝါ မျိုးစေ့နှင့် ဂွမ်းမွေးများ အပူချိန်နှင့်လေထု စိုထိုင်းဆမမျှတသောကြောင့် အရည်အသွေး ကျဆင်းစေနိုင်သည်ကို သတိပြုရန် လိုအပ်သည်။ ကောင်းစွာ ခြောက်သွေ့သော ချည်မျှင်ရှည်ဝါများကို ၀ါကြိတ်စက်တွင် ကြိတ်ခွဲသည့်အခါ ချည်မျှင်ရှည်ဝါဂွမ်း ၃၅ ရာခိုင်နှုန်းနှင့် ၀ါစေ့ ၆၀ ရာခိုင်နှုန်းကို ရရှိသည်။ ထိုချည်မျှင်ရှည် ဝါ ဂွမ်းများကို ချည်မျှင် ထုတ်လုပ်ခြင်းတွင်အသုံးပြုပြီး ဝါ စေ့များကို မျိုးအဖြစ်လည်းကောင်း၊ ဝါ စေ့ဆီကြိတ်ခြင်းတွင်လည်းကောင်း ဆက်လက် အသုံးပြုသည်။
ချည်မျှင်ရှည်ဝါဂွမ်းများအား ချည်မျှင်ညိုထုတ်လုပ်ရန်အတွက် ဝါ ဖန်စက်၊ ဗိုင်းတောင့်စက်၊ အကြိုအပင်ပေါင်းစက်၊ ဗိုင်းလိပ်စက်၊ ဘီဖီးစက်၊ အပင်ပေါင်းစက်၊ တညင်းလုံးစက်၊ ချည်ငင်စက်၊ ချည်ကတော့စက်၊ အပင်ပူးစက်၊ အပင်ကျစ်စက်နှင့် ချည်ကုံးလုံးပေါင်းစက်များဖြင့် စုစုပေါင်း လုပ်ငန်းစဉ် ၁၂ ခုဖြင့်ဆက်လက်ဆောင်ရွက်ရသည်။ ချည်မျှင်ရှည်ဝါဂွမ်းမှ ချည်မျိုးစုံထွက်ရှိမှုမှာ ဝါ ဂွမ်းအလေးချိန်၏ ပျမ်းမျှ ၈၀ ရာခိုင်နှုန်းဖြစ်သည်။ ထိုချည်များကို အထည်ပိတ်ရက်လုပ်ခြင်း လုပ်ငန်းတွင် ကုန်ကြမ်းအဖြစ် ဆက်လက်အသုံးပြုသည့်အပြင် ချည်မျှင်ညို သို့မဟုတ် ဆေးဆိုးချည်အဖြစ် တိုက်ရိုက်ရောင်းချနိုင်သည်။
ဝါ ကြိတ်စက်ရုံမှထွက်ရှိလာသော ဝါ စေ့များအား ဝါ စေ့ဆီကြိတ်လုပ်ငန်းတွင် ဝါ စေ့များအား တိုက်ရိုက်ဆီကြိတ်ခြင်း၊ ဝါ စေ့များကို ဝါ စေ့ခွံခွဲပြီး ဝါ စေ့အဆန်အား ဆီကြိတ်ခြင်းနှင့် ဝါ စေ့များအား လင်တာစက်တွင် လင်တာဂွမ်းချွတ်ပြီး ထွက်ရှိလာသည့် ဝါ စေ့ကတုံးအား ဝါ စေ့ခွံခွဲ၍ ဝါ စေ့အဆန်အား ဆီကြိတ်ခြင်းစသည့် ပုံစံသုံးမျိုးဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ ဝါ စေ့ဆီကြိတ်သည့် နည်းလမ်းများအနက် ဝါ စေ့များကိုလင်တာဂွမ်းချွတ်ပြီးမှ ဆီကြိတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဝါ စေ့များကို ဆီမကြိတ်မီ လင်တာစက်တွင် လင်တာချွတ်သည့်အတွက် လင်တာဂွမ်းနှင့် ဝါ စေ့ ကတုံးများရရှိသည်။ ထိုဝါစေ့ကတုံးများကို ဆီကြိတ်သည့်အခါ ဝါ စေ့ခွံ၊ ဝါ စေ့ဖတ်နှင့် ဝါ စေ့ဆီကြမ်းများ ရရှိသည်။ ဝါ စေ့ဆီကြမ်းကို ဆက်လက်သန့်စင်သည့်အခါ ဆီကြည်နှင့် ဆီချေးများ ရရှိသည်။
ထို့ကြောင့် ဝါ စေ့ပိဿာ ၁၀၀ အား ဆီကြိတ်လုပ်ငန်းဆောင်ရွက်ပါက လင်တာဂွမ်း ၆ ဒသမ ၆ ပိဿာ၊ ဝါ စေ့ကတုံး ၉၀ ပိဿာရရှိမည်။ ထိုဝါစေ့ကတုံး ၉၀ ပိဿာအား ကြိတ်ခွဲပါက ဝါ စေ့ခွံ ၃၃ ဒသမ ၆ ပိဿာ၊ ဝါ စေ့ဖတ် ၄၅ ပိဿာ၊ ဝါ စေ့ဆီကြမ်း ၁၀ ပိဿာရရှိမည်။ ဝါ စေ့ဆီကြမ်း ၁၀ ပိဿာအား ဆီသန့်အဖြစ် ဆက်လက်ဆောင်ရွက်ပါက ဆီကြည် ၈ ဒသမ ၇ ပိဿာနှင့် ဆီချေး ၂ ဒသမ ၉ ပိဿာ ရရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ဝါ စိုက်ဧက ငါးသိန်းမှ ထွက်ရှိမည့် ချည်မျှင်ရှည်ဝါနှင့် ဆက်စပ်ပစ္စည်းများမှာ အောက်ပါ ဇယားအတိုင်းဖြစ်သည်-
ဝါ စေ့ဆီကို ကြိတ်ခြေရုံဖြင့်ရရှိသော ဆီကြမ်းကိုစားသုံးရန်အတွက် မသင့်သေးဘဲ နည်းပညာသုံး၍ ပြန်လည်ပြုပြင်ပြီးသော ဆီချောကိုသာ စား၍ရနိုင်သော (Edible) အဆင့်သတ်မှတ်ကြောင်း တွေ့ရှိရသည်။ ဆီကြမ်းအဆင့်မှ စားသုံးဆီအဆင့်သို့ ရောက်ရှိစေရန် ဆီသန့်စင်ခြင်းနည်းစဉ်(Oil Refining Process ကို အသုံးပြုပြီး ဆီကြမ်းတွင်ပါရှိလာသည့် အချဉ်ဓာတ်၊ အချွဲဓာတ်၊ အရောင်ဆိုး၊ အနံ့ဆိုးတို့နှင့်အတူ အနည်အနှစ်များနှင့် အငွေ့ပြန်နိုင်သောပစ္စည်းများကို ဖယ်ထုတ်နိုင်မှသာလျှင် သန့်စင်ကြည်လင်သော စားသုံးဆီကို ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အချွဲချွတ်ခြင်း (Degumming)၊ အချဉ်ချွတ်ခြင်း(Neutralization)နှင့် အအေးခံ၍ အခဲစစ်ထုတ်ခြင်း (Winterization) ဟူသော ဆီသန့်စင်ခြင်း နည်းစဉ်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်မှသာ Finished Product ဖြစ်သည့် စားသုံးရန် အဆင့်ကိုရောက်ရှိနိုင်သည်။ ဆီကြမ်းပိဿာ ၁၀၀ အား ဆီသန့်စင်သည့်အခါ စားသုံးနိုင်သော ဆီအဆင့်သို့ရောက်သည့်အခါတွင် ဆီသန့်အကြည် ၈၇ ပိဿာ တစ်နည်းအားဖြင့် ၈၇ ရာခိုင်နှုန်းသာ ကျန်ရှိကြောင်း သိရှိရသည်။
စားသုံးဆီအဆင့်သို့ရောက်သည်အထိ သန့်စင်ပြီးသော ဝါ စေ့ဆီတွင် မပြည့်ဝဆီ ၇၀ ရာခိုင်နှုန်းနှင့် ပြည့်ဝဆီ ၂၆ ရာခိုင်နှုန်းတို့ ပါဝင်ဖွဲ့စည်းထားပြီး ၎င်း၏မီးလောင်မှတ်(Smoke Point))မှာ ၂၁၆ ဒီဂရီစင်တီဂရိတ်ရှိသည်။ မီးလောင်မှတ်မြင့်သောဆီ ဖြစ်သည့်အားလျော်စွာ စားသောက်ဖွယ်ရာများ ကြော်လှော်ရန်အတွက် ကောင်းမွန်သည့် ဆီအမျိုးအစားဖြစ်သောကြောင့်လည်း တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘရာဇီး၊ အမေရိကန်၊ တူရကီ၊ ဥဇဘက်ကစ္စတန်နှင့် သြစတြေးလျနိုင်ငံတို့၌ ဝါ စေ့ဆီကို စားသုံးဆီအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ဝါ စေ့တွင် ပိုးသတ်ဆေးကဲ့သို့ အာနိသင်ရှိသည့် အရောင်ပေး ဒြပ်ပေါင်းတစ်ခုဖြစ်သော ဖီနော(phenol )အုပ်စုဝင် ဂေါ်ဆီပေါ (Gossypol )သည် သဘာဝအတိုင်းပါရှိနေရာ ၎င်းသည် ဝါ စေ့ဆီကြမ်းအဆင့်တွင်လည်း ပျောက်ပျက်မသွားဘဲ ပမာဏတစ်ခုဖြင့် ပါဝင်နေလေ့ရှိသည်။ စားသုံးဆီအဆင့်ထိရောက်အောင် သန့်စင်ပြီးမှသာလျှင် ၎င်းဓာတ်ပစ္စည်းကို ဖယ်ရှားလျှော့ချနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဝါ စေ့ဆီကြမ်းများကို Finished Product အဖြစ်ဆောင်ရွက်ပြီးမှသာ စားသုံးဆီအဖြစ် အသုံးပြုကြရန် လိုပါသည်။
ဝါ စေ့ဆီကြမ်းကို ပိုးသတ်ဆေးအဖြစ်လည်းကောင်း၊ အဝတ်လျှော် ဆပ်ပြာပြုလုပ်ရာတွင် လည်းကောင်း၊ အသားအရေထိန်းသိမ်းရန် သုံးစွဲရသည့် အလှကုန်ပစ္စည်းများတွင် လည်းကောင်း၊ ဗောက်ပျောက်ခေါင်းလျှော်ရည်နှင့် နေလောင်ခံခရင်များတွင် လည်းကောင်း သုံးစွဲကြသည်ကိုတွေ့ရ သည်။ ဝါ စေ့ဆီတွင် ကျန်းမာရေးအတွက် ကောင်းကျိုး အများအပြားရှိသည်။ အနာကျက်မြန်စေသောကြောင့် ဒဏ်ရာများမှာ လိမ်းပေးနိုင်သည်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သောကြောင့် ဝါ စေ့ဆီကို စားပေးခြင်း၊ လိမ်းပေးခြင်းဖြင့် အဆစ်ရောင်ခြင်း၊ အဆစ်လွဲခြင်း၊ ခေါင်းကိုက် ခြင်း၊ အစာအိမ်အောင့်ခြင်းတို့အတွက် သုံးစွဲနိုင်သည်။ သွေးအတွင်း ကိုလက်စထရောကို လျှော့ချပေးနိုင်သည်။ သွေးပေါင်ချိန်ကို ကျဆင်းစေပြီး သွေးကြောဆိုင်ရာရောဂါ၊ နှလုံးရောဂါတို့မှ ကာကွယ်ပေးနိုင်သည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ ရှိကြောင်း တွေ့ရှိရသည်။ ဝါ စေ့ကို ကြိတ်ခွဲရာမှ ထွက်ရှိလာသော လင်တာဂွမ်းအား ပျော့ဖတ်များ၊ ခိုင်မာအားကောင်းသည့် ပလတ်စတစ်နှင့် ဖိုက်ဘာများ၊ စက္ကူအမျိုးမျိုး၊ ရေယွန်ဖိုက်ဘာနှင့် အခြားဓာတုပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများတွင် ကုန်ကြမ်းအဖြစ် ဆက်လက်အသုံးပြုသည်။ ဝါ စေ့ခွံများအား နွား၊ သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းများတွင် အစာအဖြစ်နှင့် သဘာဝမြေသြဇာအတွက် ရောစပ်ကုန်ကြမ်းအဖြစ် အသုံးပြုသည်။ ဝါ စေ့အဖတ်မှာလည်း အာဟာရတန်ဖိုး ကြွယ်ဝပြီး အထူးသဖြင့် အသားဓာတ် မြင့်မားစွာ ပါဝင်သောကြောင့် နွား၊ ငါးတိရစ္ဆာန်အစာနှင့် သဘာဝမြေသြဇာတွင် တိုက်ရိုက်ကုန်ကြမ်းအဖြစ် အသုံးပြုသည်။ တိရစ္ဆာန်အစာနှင့် စိုက်ပျိုးရေးတို့အတွက် အသုံးပြုနိုင်ခြင်းကြောင့် ဝါ ပင်မှထွက်ရှိလာသော အပွင့်၊ အဆန်တို့မှာ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေသည်။
မြန်မာနိုင်ငံရှိ စိုက်ပျိုးထားသော ဝါ စိုက်ဧက ငါးသိန်းသည် တစ်ဧက ၀ါအထွက်နှုန်း ပိဿာ ၇၀၀ ရှိပါက ဝါ ပိဿာ သန်း ၃၅၀ ထွက်ရှိပြီး ချည်ပိတ်ကိုက် ၁၃၇၀ ဒသမ ၆ သန်း ထွက်ရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံ လူဦးရေပျမ်းမျှ သန်း ၅၀ ဖြင့် တွက်ချက်ကြည့်ပါက လူတစ်ဦးလျှင် ချည်ပိတ် ၂၇ ဒသမ ၄၁ ကိုက် အသုံးပြုနိုင်မည်။ ဝါ စေ့ဆီအားဖြင့် ၀ါပိဿာ သန်း ၃၅၀ တွင် ဝါ စေ့ ပိဿာ သန်း ၂၁၀ ထွက်ရှိပြီး ၎င်းကိုကြိတ်ခွဲလိုက်ပါက ဝါ စေ့ဆီကြမ်း ပိဿာ ၂၀ ဒသမ ၇၉ သန်းရရှိမည်။ ထိုဝါစေ့ဆီကြမ်းအား သန့်စင်လိုက်ပါက စားသုံးရန်သင့်သော ဝါ စေ့ဆီပိဿာ ၁၈ ဒသမ ၁၉ သန်းခန့် တစ်နည်းအားဖြင့် ၂၉၇၀၅ တန် ထွက်ရှိနိုင်ကြောင်း သိရှိရသည်။ တစ်ဧက ဝါ အထွက်နှုန်းပိဿာ ၅၀၀ ရှိပါက ဝါ ပိဿာ သန်း ၂၅၀ ထွက်ရှိပြီး ချည်ပိတ်ကိုက် ၉၇၉ သန်းထွက်ရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေပျမ်းမျှ သန်း ၅၀ ဖြင့် တွက်ကြည့်ပါက လူတစ်ဦးလျှင် ချည်ပိတ် ၁၉ ဒသမ ၅၈ ကိုက် အသုံးပြုနိုင်မည်။ စားသုံးရန် သင့်သော ဝါ စေ့ဆီပိဿာ ၁၂ ဒသမ ၉၉ သန်း တစ်နည်းအားဖြင့် ၂၁၂၁၈ တန်ထွက်ရှိနိုင်သည်။ ဝါ စိုက်ပျိုးရေးအား အောင်မြင်စွာ ဆောင်ရွက်ခြင်းဖြင့် ဘက်ပေါင်းစုံမှ နိုင်ငံခြားငွေသုံးစွဲရမှုကို များစွာသက်သာနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသော ချည်မျှင်ရှည်ဝါဂွမ်းများ၏ ဂွမ်းမွေးအရှည်သည် ၂၀ မီလီမီတာမှ ၃၀ မီလီမီတာသာရှိပြီး အနိမ့်ဆုံး ချည်နံပါတ် ၁/၁၆ ချည်မှစ၍ ၁/၂၀ ချည်၊ ၁/၄၀ ချည်နှင့် အချောဆုံး ၁/၆၀ ချည်အထိ ထုတ်လုပ်နိုင်သည်။ ၁/၁၆ ချည်မှ ဖလန်နယ်ပိတ်၊ ဇင်ပိတ်၊ ချည်စောင်၊ စားပွဲခင်းနှင့် လက်သုတ်ပဝါတို့ ထုတ်လုပ်နိုင်သည်။ ၁/၂၀ ချည်မှလည်း ဖလန်နယ်ပိတ်၊ အမျိုးသားဝတ် ၁/၂၀ ချည်လုံချည်၊ ခြင်ထောင်ဇာ၊ ခြင်ထောင်ပိတ်၊ မျက်နှာသုတ်ပဝါ၊ ချွေးသုတ်ပဝါနှင့် အနှီးပိတ်ထုတ်လုပ်နိုင်သည်။ ၁/၄၀ ချည်မှ အမျိုးသားဝတ် ၁/၄၀ ချည်ချောလုံချည်၊ အမျိုးသမီးဝတ်လုံချည်၊ စွပ်ကျယ်၊ တီရှပ်တို့ ထုတ်လုပ်နိုင်ပြီး ၁/၆၀ ချည်မှ အမျိုးသားဝတ် ချည်လုံချည်များ ထုတ်လုပ်နိုင်သည်။
ဂွမ်းမွေးအရှည် ၃၄ မီလီမီတာနှင့် အထက်ရှိသည့် ပြည်ပချည်မျှင်ရှည်ဂွမ်းများနှင့် ၅၀ ရာခိုင်နှုန်းရောစပ်၍ ထုတ်လုပ်နိုင်ပါက ၂/၈၀ ချည်ချောအထိ ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ယခုနှစ် မိမိတို့နိုင်ငံတွင် ဝါ မျိုးစုံစိုက်ပျိုးရန် ဧက ၆ သိန်းကျော် လျာထားပြီး ချည်မျှင်ရှည်ဝါ ဧက ၄ ဒသမ ၇ သိန်းကျော် စိုက်ပျိုးမည်ဟု သိရသည်။ အဆိုပါချည်မျှင်ရှည်ဝါများမှာ အရှည် ၂၈ မီလီမီတာမှ ၃၀ မီလီမီတာသာ ရှိသည့်အတွက် အဆင့်မီချည်ချော ထုတ်လုပ်နိုင်စေရန် ဂွမ်းမွေးအရှည် ၃၃ မီလီမီတာမှ ၃၄ မီလီမီတာရှည်သည့် (Extra-long stable cotton)) အလွန်ရှည်ချည်မျှင်ရှည်ဝါမျိုးများကို နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ တိုးချဲ့စိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်မှ ဆောင်ရွက်ကြလျက်ရှိသည်။ မိမိတို့နိုင်ငံတွင် အရည်အသွေးကောင်းသည့် (A) အဆင့်ရှိ၀ါများ ပြောင်းလဲစိုက်ပျိုးနိုင်ပါက ပြည်ပမှ တင်သွင်းမှုများ လျော့နည်းစေ မည်ဖြစ်သည်။ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဝါကြိတ်စက်များကို ပြည်တွင်း၌တပ်ဆင် ထုတ်လုပ်နိုင်မည်ဆိုလျှင် အလုပ်အကိုင် အခွင့်အလမ်းများပါ ရရှိစေမည်ဖြစ်ပြီး အထည်ချုပ်လုပ်ငန်းများ အတွက်ပါ အထောက်အပံ့ကောင်းကို ရရှိစေမည်ဖြစ်၏။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်ပါ စီးပွားရေးကဏ္ဍတွင် “ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည် အထိ ကြိုးပမ်းဆောင်ရွက်ရေး”ဟူသည့်အတိုင်း ဆီထွက်သီးနှံများကို စိုက်ပျိုးလျက်ရှိရာ ဝါသီးနှံသည် စားကုန်ဖြစ်သော ဆီအတွက်သာမက လူတို့ဝတ်ဆင်ရေးနှင့် အခြားသောအထည်အလိပ် လုပ်ငန်းများ အတွက်ပါ အသုံးဝင်သည့် သီးနှံတစ်ခုအဖြစ်တည်ရှိနေသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကုန်ချောထုတ်လုပ်ရန်အတွက် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ တပ်ဆင်လည်ပတ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်သောကြောင့် တောင်သူဦးကြီးများအနေဖြင့် ယခုထက်မက ပိုမိုစိုက်ပျိုးမည့် အတွေး စိတ်ကူးများ စီမံထားဖို့သာလိုပါတော့သည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများ အနေဖြင့်လည်း လယ်ယာထွက်ကုန် စိုက်ပျိုးမွေးမြူရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်ကြမည်ဆိုပါလျှင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာမှုနှင့်အတူ နိုင်ငံသားတို့၏ တစ်ဦးချင်းဝင်ငွေတိုးပွားလာကာ တိုင်းပြည်၏ ဝင်ငွေသည်လည်း တိုးပွားလာမည်ဖြစ်ပေသည်။
ဝါသီးနှံသည် အဝတ်အထည်ပစ္စည်း ထုတ်လုပ်မှုအတွက်သာမက ပြည်တွင်းဆီဖူလုံရေး အတွက် စားသုံးဆီနှင့် စက်မှုလုပ်ငန်းသုံးဆီကို ဝါစေ့မှထုတ်ယူနိုင်ပြီး ဝါစေ့အခွံနှင့် ဝါစေ့ကြိတ်ဖတ်များကို အသားထုတ်လုပ်မှု တိုးတက်ရေးအတွက် တိရစ္ဆာန်အစာအဖြစ်သာမက မြေသြဇာအဖြစ်ပါ အသုံးပြုနိုင်၍ စီးပွားရေးအရ အရေးပါသော သီးနှံတစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ လူတို့စားရေး၊ ဝတ်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည့် ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး စိုက်ပျိုးထုတ်လုပ်ကြိတ်ခွဲခြင်းမှ အစပြု၍ ကုန်ချောထုတ်လုပ်သည်အထိ ကွင်းဆက်အားလုံးသည် အလုပ်အကိုင်အခွင့်အလမ်း အမျိုးမျိုးနှင့် ကုန်သွယ်ရေး ကဏ္ဍများ၊ စက်မှုလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများစသည်တို့အတွက် မောင်းနှင်အား တစ်ရပ်ပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။