စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်
အယ်ဒီတာ့အာဘော်
(၂၀၂၄ ခုနှစ်၊ သြဂုတ် ၄ ရက်)
မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော နိုင်ငံရေးစနစ်မှာ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ဖြစ်သည်။ နိုင်ငံတော်ကိုပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် မရှိမဖြစ်လိုအပ်သည့် အရာဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) အခြေခံမူများတွင် “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးနှင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး တို့ကို အစဉ်တစိုက်ဦးတည်သည်”ဟူ၍ ပြဋ္ဌာန်းထားသည်။
တပ်မတော်ဆိုသည်မှာ တိုင်းရင်းသားအားလုံး၊ နိုင်ငံသားအားလုံး ပါဝင်တာဝန် ထမ်းဆောင်ခွင့်ရှိသည့် ပြည်ထောင်စုတပ်မတော်ဖြစ်ပေရာ မည်သည့်အချိန်ကာလမဆို နိုင်ငံအတွက်ရှိနေရမည့် အဖွဲ့အစည်းဖြစ်သည်။
တပ်မတော်သည် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းထားပြီး စစ်ဘက်ဥပဒေ၊ အရပ်ဘက်ဥပဒေများကို တိကျစွာလိုက်နာကြရသည့် အဖွဲ့အစည်းဖြစ်သည်။ ပြည်သူများလိုလားသည့် ဒီမိုကရေစီစနစ် ခိုင်မာစေရေး အတွက် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ပေးလျက်ရှိသည်။ ဤသည်မှာ အများပြည်သူတို့၏ ဆန္ဒ မပျက်ယွင်းစေရေး အတွက်ဖြစ်သည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင်ပါရှိသည့် ဝိသေသ လက္ခဏာအများစုမှာ ပြည်ထောင်စု (ဖက်ဒရယ်)စနစ်နှင့် ကိုက်ညီသည်ကို လေ့လာတွေ့ရှိရသည်။ ဖက်ဒရယ်ပုံစံမူများဖြစ်သည့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် လွှတ်တော်နှင့်အစိုးရနှစ်ရပ် ဖွဲ့စည်းထားရှိခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များ တည်ရှိမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာမခံပေးထားခြင်း၊ ထို့ပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေခြောက်ခု တည်ရှိခြင်းနှင့် လုပ်ပိုင်ခွင့်အာဏာများကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အသေးစိတ်ဖော်ပြထားခြင်း၊ ပြည်ထောင်စုနှင့်တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဘဏ္ဍာရေးခွဲဝေ ကျင့်သုံးမှုကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားခြင်းတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မများဖြင့် တိတိကျကျဖော်ပြ ထားရှိပြီးဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေမ ှပေးထားသည့် အခွင့်အရေးများကို အသုံးချပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းကြရန်သာဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် စစ်မှန်စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် တည်ဆောက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက်
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရိုင် ၄၆ ခု တိုးချဲ့ဖွဲ့စည်းပေးခဲ့ပြီး စုစုပေါင်း ခရိုင် ၁၂၁ ခုနှင့် ထိရောက်သည့် အုပ်ချုပ်ရေးကိုဖြစ်ပေါ်လာအောင် ၂၀၂၂ ခုနှစ်ကတည်းက ဖော်ဆောင်ပေးခဲ့သည်။ ခရိုင်များ၏ဦးဆောင်မှုဖြင့် မြို့နယ်/ဒေသ အားလုံးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ ခရိုင်အလိုက် မိမိတို့ရရှိထားသည့် လုပ်ပိုင်ခွင့်များကိုအသုံးချပြီး မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေးကိုကြိုးပမ်း အကောင်အထည် ဖော်ကြရမည်ဖြစ်သည်။
ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းသည့်အခါတွင် တစ်ဦးနှင့်တစ်ဦး သဘောထားကွဲလွဲမှုများ ရှိတတ်ပါသည်။ သို့သော် သဘောထားကွဲလွဲမှုများ၊ လိုလားချက်များကို အကြမ်းဖက်သည့် လမ်းစဉ်နှင့် လက်နက်ကိုင်တောင်းဆိုခြင်းကို မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်ခံမည်မဟုတ်ပါ။မြန်မာနိုင်ငံပျက်စီးရေးကို သွေးထိုးလှုံ့ဆော် ထောက်ပံ့ကူညီနေသည့် ဒီမိုကရေစီနိုင်ငံများတွင်ပင် လက်နက်ကိုင်အကြမ်းဖက် လုပ်ရပ်များကိုလက်ခံခြင်းမရှိပေ။ ထိုသို့မည်သည့်နိုင်ငံ၊ လူ့အဖွဲ့အစည်းကမျှ လက်မခံခြင်းကြောင့် ဥပဒေနှင့်အညီသာ တောင်းဆိုကြရမည်ဖြစ်သည်။
လွှတ်တော်မတိုင်မီ ဥပဒေမ ထုတ်ပြန်နိုင်သေးချိန်တွင်လည်း ပြည်ထောင်စုမှဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ဥပဒေနှင့်အညီသာ တောင်းဆိုရမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီသာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်လည်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်ဆက်လက်လျှောက်လှမ်းရေးနှင့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေး အာမခံထားပြီးဖြစ်သည်။
လက်ရှိအချိန်တွင် NUG နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံအကျိုးကို မလိုလားသည့် နိုင်ငံများ၏ ထောက်ပံ့မှုများရယူကာ အကြမ်းဖက် တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည်။
ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီယဉ်ကျေးမှုကို မလိုလားသည့် လက်နက်ကိုင်အဖွဲ့ အချို့အနေဖြင့်လည်း ဥပဒေမဲ့ လုပ်ရပ်များနှင့်နယ်မြေချဲ့ထွင်ရေး လုပ်ရပ်များကို တိုးမြှင့်လုပ်ဆောင်နေသည်။ ဤသည်မှာ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို အနှောင့်အယှက်ပြုနေခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းနိုင်ရေးအတွက် အဖျက်လုပ်ရပ်မှန်သမျှ ချုပ်ငြိမ်းပပျောက်ရေးကို ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။