ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တောင်ဒဂုံစားအုန်းဆီသန့် စက်ရုံအား ဒုတိယဝန်ကြီး ဦးမင်းမင်း ကြည့်ရှုစစ်ဆေး

 

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တောင်ဒဂုံစားအုန်းဆီသန့် စက်ရုံအား ဒုတိယဝန်ကြီး ဦးမင်းမင်း ကြည့်ရှုစစ်ဆေး

 

နေပြည်တော် သြဂုတ် ၃

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းသည် ယနေ့မွန်းလွဲပိုင်းတွင်  ဒဂုံဆိပ်ကမ်းမြို့သစ်မြို့နယ်ရှိ    တောင်ဒဂုံစားအုန်း ဆီသန့်စက်ရုံ (South  Dagon  Oil  Mill Co., Ltd.) သို့သွားရောက်ကြည့်ရှု စစ်ဆေးပြီး  သတ်မှတ်   အရည်အသွေးများနှင့်အညီ ထုတ်လုပ်ရန်၊ ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုကို လျှော့ချနိုင်ရေး အတွက် ကုန်ထုတ်စွမ်းအား တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ထုတ်လုပ်မှုစရိတ်ကို တတ်နိုင်သမျှလျှော့ချပြီး သင့်တင့်မျှတသည့် စျေးနှုန်းဖြင့်   ဖြန့်ဖြူးရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။

တောင်ဒဂုံ စားအုန်းဆီသန့်စက်ရုံသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့သစ် မြို့နယ်   ပဲခူးမြစ်လမ်းပေါ်၌တည်ရှိပြီး ဝန်ထမ်းအင်အား ၈၅ ဦးဖြင့် စက်တပ်ဆင်အင်အား တစ်ရက်လျှင် စားအုန်းဆီကြမ်း တန်ချိန် ၁၅၀ ကို သန့်စင်ပေးနိုင်ကြောင်း သိရသည်။   တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်ရှိ   ဆီအုန်းစိုက်ဧက ၁၄၆၀၀  မှထွက်ရှိသည့် ဆီသီးခိုင်များကို ဆီကြိတ်ခွဲပြီး စားအုန်းဆီကြမ်းများကို ရန်ကုန် တောင်ဒဂုံစားအုန်းဆီ သန့်စက်ရုံသို့ သယ်ယူ၍ စားအုန်းဆီကြမ်းမှ ဆီသန့်ရရှိသည်အထိ အဆင့်ဆင့်ကြိတ်ခွဲ ထုတ်လုပ်လျက်ရှိသည်။ 

လက်ရှိတွင် ကုန်ကြမ်းရရှိမှု အခြေအနေအရ တစ်လလျှင် ပျမ်းမျှစားအုန်းဆီကြမ်း တန်ချိန် ၂၀၀၀ မှ ဆီသန့် (RBD Palm Olein) တန်ချိန် ၁၂၀၀ ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး စားသောက်ကုန် ထုတ်လုပ်သည့် စက်ရုံများနှင့် စားသောက်ဆိုင်များသို့ အဓိကဖြန့်ဖြူး   ရောင်းချလျက်ရှိကြောင်းနှင့် ဘေးထွက်ပစ္စည်းများဖြစ်သည့် စားအုန်းဆီ အနှစ်အခဲ Palm  Stearin)  များကို တိရစ္ဆာန်အစာ၊ ဇီဝလောင်စာ၊ ဆေးဝါးနှင့် အလှကုန်ထုတ်လုပ်သည့်   လုပ်ငန်းများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း   သိရသည်။