ကူးစက်မြန် ပြင်းထန်ဦးနှောက် အမြှေးရောင် ရောဂါ

ဦးနှောက်ထဲ ရောဂါပိုးဝင်ရောက်တဲ့အခါ ဦးနှောက်အမြှေးပါးကို ရောင်စေကြောင်း၊ ထို့နောက် ပြည်တည်စေပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာများကို ထိခိုက်စေကြောင်း၊ ဦးနှောက်ထဲတွင်ရှိသော  CSF  Flow ကို ထိခိုက်စေတဲ့အတွက် ဦးနှောက်ထဲ Pressure တက်လာစေကြောင်း၊ ထိုအခါ လူနာများသည် ထိုးအန်လာတဲ့အတွက် ခေါင်းကိုက်ခြင်းဖြစ်ကြောင်း စသည့် ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင် ရောဂါအကြောင်းကို မြဝတီစာဖတ်ပရိသတ်များ သိရှိစေရန်အတွက် ဒေါက်တာခင်မောင်လွင်(FAME)နှင့် တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ရပါသည်။

မေး။ ။ ဆရာရှင့် ကလေးတွေ အသေအပျောက်ရှိခဲ့တဲ့   ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင် ရောဂါနဲ့ပတ်သက်လို့ ဒီကနေ့ကျန်းမာသုတ အစီအစဉ်ကနေ မေးမြန်း တင်ဆက်ချင်ပါတယ်ဆရာ။ ပထမဆုံး အနေနဲ့ ဒီရောဂါစတင်ဖြစ်ပွားပုံ အကျဉ်းချုပ်လေးကို သိပါရစေ။

ဖြေ။ ။  ၂ဝ၁၆ ခုနှစ် မတ် ၅ ရက်ကနေ ၉ ရက်အတွင်း သာစည်မြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာအချို့မှာ အသက်နှစ်နှစ်ကနေ ကိုးနှစ်အရွယ်ရှိတဲ့ ကလေးတွေ ရုတ်တရက်ဖျားနာပြီး အော့အန်ကာ တက်ပြီးသတိလစ်လို့ မိတ္ထီလာပြည်သူ့ဆေးရုံကြီးကိုရောက်လာကြပါတယ်။ ဆေးရုံကိုရောက်လာတဲ့ ကလေး ကိုးယောက်မှာ လေးယောက်ဟာ သေဆုံးသွားပါတယ်။ ကျန်ငါးယောက်အနက် အခြေအနေဆိုးတဲ့ ကလေးတစ်ယောက်ကို မန္တလေးမြို့ ကလေးဆေးရုံကြီး ခုတင် ၅၅ဝ ဆံ့ကို ၁၃ ရက်မှာ လွှဲပြောင်းကုသ ပေးခဲ့ပေမယ့် မတ် ၁၄ ရက်မှာပဲ သေဆုံးသွားခဲ့ပြန်ပါတယ်။

ဒါကြောင့် သေဆုံးသူ ကလေးအရေအတွက်ဟာ ငါးဦးရှိသွားပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ အသက်သုံးနှစ်နဲ့ ရှစ်နှစ်အရွယ် ကလေးနှစ်ဦးတို့မှာလည်း အလားတူ ရောဂါလက္ခဏာများ ဖြစ်ပွားကာ မတ် ၁၄ ရက်နဲ့  ၁၈ ရက်တို့မှာ အသီးသီး သေဆုံးသွားခဲ့ပါတယ်။

အဲဒီလိုဖြစ်နေတဲ့ ကလေးတွေရဲ့ သွေးနမူနာကို ရန်ကုန်မှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာန (NHL)ကို ပေးပို့စမ်းသပ်ချက်အရ ဗက်တီးရီးယား တစ်မျိုးဖြစ်တဲ့ Neisseria Meningitidis &JU Antigen  Group Bကိုတွေ့ရှိရပါတယ်။ ဒါကြောင့် ကလေးတွေမှာဖြစ်တဲ့ရောဂါဟာ ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင် ရောဂါဖြစ်ကြောင်း မတ် ၁၃ ရက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် မတ် ၁၅ ရက်မှာ မန္တလေးတိုင်း ဒေသကြီးမှာရှိတဲ့ မြို့နယ် ၂၈ မြို့နယ်မှာ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ အရေးပေါ်ကျန်းမာရေး သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေကို ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေး  တာဝန်ရှိသူတွေ ပူးပေါင်းပြီး ကျန်းမာရေး ပညာပေး လုပ်ငန်းတွေနဲ့ ရောဂါမပြန့်ပွားအောင် ဆောင်ရွက်နေတာတွေလည်း သတင်းတွေမှာ တွေ့နေရပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးမှာလည်း ဦးနှောက် အမြှေးရောင်ရောဂါ သံသယရှိ ကလေးလူနာ ၁၇ ဦးကို ရန်ကင်းကလေးဆေးရုံကြီးမှာ သီးသန့်ထားပြီး စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ဆိုပါတယ်။ တစ်ခုရှိတာကတော့ ဒီရောဂါဟာ အခုမှဖြစ်လာတဲ့ရောဂါ အသစ်အဆန်းမဟုတ်ဘဲ ဟိုအရင်ကလည်း ကွက်ကျား ဖြစ်လေ့ရှိတဲ့၊ ကလေးတွေကို အသက်အန္တရာယ် ပေးလျက်ရှိတဲ့ ရောဂါဆိုး တစ်ခုဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းတော့ ဖြစ်လေ့မရှိပါ။

မေး။ ။ ဒီရောဂါပိုးဟာ ဘယ်လိုပိုးမျိုးလဲ ဆိုတာ နည်းနည်း ရှင်းပြပေးပါ။

ဖြေ။ ။ ဦးနှောက်အမြှေးရောင် ရောဂါဖြစ်စေတဲ့ ရောဂါပိုးတွေ များစွာရှိပါတယ်။ ဥပမာ-ဗိုင်းရပ်ပိုးတွေ၊ တီဘီရောဂါပိုးနဲ့ ဗက်တီးရီးယားတွေ ဖြစ်ပါတယ်။ အဲဒီ ဗက်တီးရီးယားတွေထဲမှာမှ ကူးစက်တာလည်းမြန် အသက်အန္တရာယ်ရှိအောင် ပြင်းထန်တဲ့ ပိုးကတော့ အခုပြောဆို ဆွေးနွေးနေတဲ့ Neisseria Meningitidis ဖြစ်ပါတယ်။ သူဟာ Gram Negative Diplococci အမျိုးအစားဖြစ်ပါတယ်။ Diplo ဆိုတာ နှစ်ခုလို့ အဓိပ္ပာယ်ရပြီးcocci ဆိုတာကတော့ လုံးဝန်းတဲ့ ပုံသဏ္ဌာန်လို့   အဓိပ္ပာယ်ရပါတယ်။  ဒါကြောင့် Diplococci ဆိုတာကတော့ လုံးဝန်းတဲ့ ပုံသဏ္ဌာန်နှစ်ခု တွဲနေတာကို ဆိုလိုတာပါ။ ကျောက်ကပ်ပုံနဲ့တူပါတယ်။ အဏုကြည့် မှန်ဘီလူးနဲ့ကြည့်ရင် သေသေချာချာ တွေ့ရပါတယ်။ ဒီဗက်တီးရီးယားတွေဟာ ပူနွေးစိုစွတ်တဲ့ နေရာကိုကြိုက်ပါတယ်။ သူတို့ပေါက်ပွားဖို့ အကြိုက်ဆုံးအပူချိန်က 35-37 .C ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက် ၅- ၁ဝ ရာခိုင်နှုန်းရှိတဲ့ ပတ်ဝန်းကျင်ကို သဘောကျပါတယ်။ ဒါကြောင့် သူနေဖို့ အကြိုက်ဆုံးနေရာကတော့ လူတွေရဲ့ နှာခေါင်းအတွင်းပိုင်းနေရာနဲ့ လည်ချောင်း အစပိုင်းနေရာတွေ ဖြစ်ပါတယ်။ လက်ရှိ လေ့လာချက်အရ လူရဲ့နှာခေါင်း အတွင်းမှာသာ နေလေ့ရှိပါတယ်။ တခြားသတ္တဝါတွေမှာ မတွေ့ရပါ။

ဒီဗက်တီးရီးယားကို အပေါ်ကနေ ပေါ်လီဆက်ခရိုက် အခွံနဲ့ အုပ်ထားပါတယ်။ အုပ်ထားတဲ့ အခွံကို အင်တီဂျင်လို့ခေါ်ပါတယ်။ အုပ်ထားတဲ့အခွံရဲ့ ပုံသဏ္ဌာန်ကို မူတည်ပြီး အင်တီဂျင် အမျိုးအစား ခွဲထားပါတယ်။

အနည်းဆုံး ၁၃ မျိုးရှိပြီး အဲဒီအထဲမှာ Serogroup A,B,C,W,X,Y စတဲ့ခြောက်မျိုးက အဖြစ်များပါတယ်။ ကမ္ဘာတစ်ဝန်းရောဂါ ဖြစ်ပွားမှုနှုန်းက တစ်နှစ်ကို လူနာ ၁ ဒသမ ၂ သန်းလောက်ဖြစ်ပွားပြီး အဲဒီထဲကမှ ၁၃၅ဝဝဝ လောက် သေဆုံးလေ့ရှိတယ်။ Sero-

Group ပေါ်မူတည်ပြီး ရောဂါပြင်းထန်မှု ကွာခြားပါတယ်။

နေရာဒေသနဲ့ နိုင်ငံအပေါ် မူတည်ပြီးတော့ Serogroup ကွာခြားမှုရှိပါတယ်။ ဥပမာ- အမေရိကန် ပြည်ထောင်စုမှာဆိုရင် Serogroup B,C နဲ့ Y တို့အဖြစ်များပါတယ်။ အင်္ဂလန်နဲ့ အိုင်ယာလန်မှာတော့Bနဲ့Cအဖြစ်များပါတယ်။ မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ အမျိုးအစားကလည်း Serogroup B ဖြစ်ပါတယ်။ အဲဒီအမျိုးအစားကတော့ အပြင်းထန်ဆုံးထဲမှာ ပါပါတယ်။  ဒါကြောင့်လည်း  ကလေးတွေသေဆုံး ကြရတာဖြစ်ပါတယ်။

မေး။ ။ ဒီရောဂါပိုးဟာ ဘယ်နည်းဘယ်ပုံ ကူးစက်တတ်တယ် ဆိုတာလည်း သိပါရစေ။

ဖြေ။ ။ ရောဂါရှိသူရဲ့ အရည်ထဲမှာရှိတဲ့ပိုးတွေဟာ နှာညှစ်လိုက်ရင် ကိုင်လိုက်တဲ့လက်၊ လက်ကိုင်ပဝါ၊ စက္ကူတွေမှာ ပါသွားပါတယ်။ ပြီးရင် မြေကြီးပေါ်ကို ရောက်ပါတယ်။ အလားတူ ချောင်းဆိုးပြီး သလိပ်ထဲမှာလည်း ပါလာပါတယ်။ အဲဒီကနေတစ်ဆင့် မြေကြီး

ပေါ်၊ ဖုန်မှုန့်တွေ အသုံးအဆောင်ပစ္စည်းတွေမှာ ကပ်ငြိနေပါတယ်။ အဲဒီကနေတစ်ဆင့် ရောဂါပိုးဟာ ရောဂါမရှိသေးသူရဲ့ အသက်ရှူလမ်းကြောင်း ထဲကို ဝင်ရောက်လာပါတယ်။ ဥပမာ-ဖုန်မှုန့်တွေ ထနေတဲ့နေရာမှာ ဖုန်တွေနဲ့အတူ ပိုးတွေ ပါလာတတ်ပါတယ်။  ချောင်းဆိုးရင် လေထဲကို ပိုးတွေပြန့်ထွက်လာလို့ အဲဒီလူနားမှာနေရင်း ရှူလိုက်တဲ့လေကနေ တစ်ဆင့် ဝင်လာပါတယ်။

ရောဂါပိုးကပ်ငြိနေတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကိုင်တွယ်ရင် လက်ကနေတစ်ဆင့် နှာခေါင်းကို ကိုင်မိရင် နှာခေါင်းကနေတစ်ဆင့် ဝင်လာတတ်ပါတယ်။

ဒီလိုနည်းနဲ့ကူးစက်ပါတယ်။ အဓိကကတော့ အသက်ရှူလမ်းကြောင်းကနေ တစ်ဆင့် ကူးစက်တဲ့ရောဂါလို့ ပြောနိုင်ပါတယ်။

မေး။ ။ အသက်ရှူလမ်းကြောင်းက ဝင်လာပြီးရင် ခန္ဓာကိုယ်ထဲမှာ ဘယ်လိုမျိုး ဆက်ဖြစ်တယ်ဆိုတာလည်း သိပါရစေ။

ဖြေ။ ။ အသက်ရှူလမ်းကြောင်းကနေ ဝင်လာတဲ့ Neisseria Meningitidis ဗက်တီးရီးယားတွေဟာ နှာခေါင်းအတွင်းပိုင်း နံရံမှာ  တွယ်ကပ်ပါတယ်။ Nasopharyngeal Colonization လို့ခေါ်တဲ့ နှာခေါင်းအတွင်းပိုင်းမှာ တဖြည်းဖြည်း ပွားများလာပါတယ်။

အချို့ကျတော့ ရောဂါလက္ခဏာ မပြဘဲ လနဲ့ချီပြီး နေနေတတ်ပါတယ်။ ကိုယ်ခံအားနည်းတဲ့ သူတွေဖြစ်တဲ့ ၁ဝ နှစ်အောက်ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ခုခံအား ကျဆင်းသူတွေမှာ ဗက်တီးရီးယားတွေဟာ တစ်ခဏချင်း(ရက်ပိုင်းအတွင်း) ပွားများလာပြီး သွေးထဲကို ဝင်ရောက်ပါတယ်။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးကို ပျံ့နှံ့ရောက်ရှိစေပါတယ်။ ဒီနေရာမှာလည်း ခန္ဓာကိုယ် ခုခံအားစနစ်ဟာ အရေးပါလာပါတယ်။ ခုခံအားစနစ်ကောင်းရင် ဒီဗက်တီးရီးယားတွေကို ထိန်းချုပ်နိုင်တဲ့ Antibody တွေထွက်လာတဲ့အတွက် ခဏတစ်ဖြုတ်ဖျားပြီး ပြန်ကောင်းပါတယ်။

အကယ်၍ ခုခံအားစနစ် မကောင်းခဲ့ရင် ပိုးတွေဟာ ဆက်လက်ပွားများလာပြီး သွေးထဲမှာရှိတဲ့သွေးခဲစေတဲ့ သတ္တိတွေကို တဖြည်းဖြည်း ဖျက်ဆီးပါတယ်။

အဲဒီအခါမှာ  ခန္ဓာကိုယ်အနှံ့အပြားမှာ သွေးယိုစီးမှု ဖြစ်ပါတယ်။ ဒါကို DIC(Dissminated Intra-yascular Coagulopathy) လို့ခေါ်ပါတယ်။ အဲဒီအခါမှာ ခန္ဓာကိုယ် အနှံ့အပြားမှာ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးစေပါတယ်။ မကြာခင်မှာ သွေးပေါင်ချိန် ကျဆင်းလာပြီး ရှော့(Shock)ဖြစ်ကာ သေဆုံးနိုင်ပါတယ်။ ဦးနှောက်ထဲကို ရောဂါပိုးတွေ ဝင်ရောက်တဲ့အခါ ဦးနှောက်အမြှေးပါးကို ရောင်စေပါတယ်။ ပြီးရင် ပြည်တည်စေပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေ ထိခိုက်စေပါတယ်။ ဦးနှောက်ထဲမှာရှိတဲ့ CSF Flowကို ထိခိုက်စေတဲ့အတွက် ဦးနှောက်ထဲမှာ Pressureတက်လာစေပါတယ်။ အဲဒီအခါမှာ လူနာဟာ ထိုးအန်ပါမယ်။ ခေါင်းကိုက်လာပါမယ်။ ပြီးရင် လည်ပင်းတွေ လှုပ်လို့မရဘဲ ဇက်ကြီးတောင့်လာပါမယ်။ နောက်ဆုံးမှာ သေဆုံးနိုင်ပါတယ်။

မေး။ ။ ဒါဆိုရင် ဒီရောဂါဖြစ်နေမှန်း သိသာထင်ရှားတဲ့ အချက်တွေကို အကျဉ်းချုပ် ပြောပြပေးပါ။

ဖြေ။ ။ အဓိက အချက်အနေနဲ့ ရုတ်တရက် အပြင်းဖျားလာပါမယ်။ ပြင်းထန်စွာ ခေါင်းကိုက်ပါမယ်။ မကြာခဏ ထိုးအန်ပါမယ်။ ကြွက်သားတွေနာကျင်ပါမယ်။

အရေပြားမှာ သွေးခြည်တွေ ဥတတ်ပါတယ်။ လည်ပင်း တောင့်နေပါမယ်။ ပြီးရင် တဖြည်းဖြည်းမှိန်းလာပြီး တက်ပါမယ်။ သွေးပေါင်ချိန်ကျပြီး Shock ရနိုင်ပါတယ်။ နောက်ဆုံး သတိလစ်ပြီး သေဆုံးနိုင်ပါတယ်။

ဒီဖြစ်စဉ်တွေဟာ တိုတောင်းတဲ့ ရက်ပိုင်းအတွင်း ရုတ်တရက်ဖြစ်လာတာမို့ ဒီလိုမျိုး တစ်ခုခုတွေ့တာနဲ့ နီးစပ်ရာဆေးရုံဆေးခန်းက ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့လိုပါတယ်။ ဆေးရုံတင်ပြီး ကုသမှသာ အသက်ရှင်မှာဖြစ်ပါတယ်။ ဆေးရုံပို့တာ နောက်ကျရင် အသက်ဆုံးနိုင်ပါတယ်။

မေး။ ။ ဒီရောဂါမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ ဘယ်လိုမျိုး နေထိုင်ရမယ်ဆိုတာလည်း သိပါရစေဆရာ။

ဖြေ။ ။ အဓိက အချက်အနေနဲ့

(၁)ရောဂါပိုးတွေအဓိကနေတဲ့ ဖုန်တွေမရှူမိစေဖို့ အရေးကြီးပါတယ်။ ဒါကြောင့်ပွဲလမ်းသဘင်တွေ၊ လူစည်ကားတဲ့နေရာ၊ ဖုန်ထူထပ်တဲ့ နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရပါမယ်။ အကယ်၍ အလုပ်ကိစ္စကြောင့် သွားရတယ်ဆိုရင် နှာခေါင်းစည်း တပ်ထားသင့်ပါတယ်။  ကလေးသူငယ်တွေကို ခေါ်မသွားသင့်ဘူး။

(၂)နှာချေ၊ ချောင်းဆိုးရင် နှာခေါင်းနဲ့ပါးစပ်ကို လက်ကိုင်ပဝါနဲ့ ဖုံးအုပ်ထားရပါမယ်။ လက်ကိုင်ပဝါတို့ တစ်ရှူးစက္ကူတို့မရှိရင်  ဝတ်ထားတဲ့အင်္ကျီ ဒါမှမဟုတ် လက်မောင်းနဲ့ဖုံးအုပ်ပြီးမှ နှာချေ၊ ချောင်းဆိုး ရပါမယ်။

ဒါမှတခြားသူတွေဆီကို ရောဂါပိုးပျံ့နှံ့မှုကို လျော့နည်းစေမှာဖြစ်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေရှေ့မှာ မလုပ်မိဖို့ ပိုအရေးကြီးပါတယ်။

(၃)ရောဂါဖြစ်ပွားသူတွေနဲ့ ထိတွေ့ဆက်ဆံနေရသူတွေ ဥပမာ-မိသားစုဝင်တွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ ရောဂါရှိသူနဲ့ ထိတွေ့ကိုင်တွယ်ခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုခြင်း မပြုရပါဘူး။ နှာခေါင်းစည်း အမြဲတပ်ထားရပါမယ်။

ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့သေသေချာချာ ဆေးရပါမယ်။

(၄)ရောဂါဖြစ်ပွားနေတဲ့ ကျေးရွာတွေမှာ ရောဂါပျံ့နှံ့မှု ထိန်းချုပ်တဲ့အနေနဲ့ လတ်တလောမှာ လူစုလူဝေးဖြစ်စေတဲ့ ပွဲလမ်းသဘင်တွေ၊ ဘုရားပွဲတွေ၊ အလှူပွဲတွေမကျင်းပဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့တွေက ဆောင်ရွက်ရပါမယ်။

(၅)ရောဂါဖြစ်ပွားနေတဲ့ ကျေးရွာတွေမှာရှိတဲ့ ပြည်သူလူထုကို ကျန်းမာရေးအသိပညာ အမြန်ဆုံးပေးဖို့လိုပါတယ်။ ရောဂါမကူးစက်ဖို့ ဘယ်လိုမျိုး နေထိုင်ပြုမူရမယ်ဆိုတာ အမြန်ဆုံးလုပ်ဆောင်ရပါမယ်။ တိုက်ရိုက်တွေ့ဆုံ ပြောကြားခြင်းဟာ လွန်စွာ ထိရောက်ပါတယ်။

မီဒီယာတွေရဲ့ အကူအညီနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာသိရှိအောင် လုပ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါဟာ ကူးစက်မှုလျင်မြန်တဲ့အတွက် အချိန်တိုအတွင်းမှာ တစ်နိုင်ငံလုံးကို ပျံ့နှံ့ရောက်ရှိနိုင်လို့ဖြစ်ပါတယ်။ 

(၆)အခုဖြစ်ပွားနေတဲ့ Serogroup B အမျိုးအစားဟာ ခုခံအားနည်းတဲ့ လူအုပ်စုတွေဖြစ်တဲ့ ၁၅ နှစ်အောက် ကလေးတွေမှာ အဖြစ်အများဆုံးဖြစ်တော့ ဒီကလေးတွေ စဖျားပြီဆိုတာနဲ့ နီးစပ်ရာ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူရပါမယ်။ ဒါ့အပြင် သက်ကြီးရွယ်အိုတွေနဲ့မကြာခဏ ဖျားနာလေ့ရှိသူတွေကိုလည်း စောင့်ကြည့်ဖို့လိုပါတယ်။ ရောဂါဖြစ်ပွားတဲ့ ကျေးရွာတွေမှာ အနည်းဆုံးစောင့်ကြည့်ကာလ ၁ဝ ရက်ထားရှိရပါမယ်။         

ဆက်လက်ဖော်ပြပါမည်။