အမေရိကန်ရှိ Uber နှင့် တရုတ်မှ BYD တို့က အကျိုးတူပူးပေါင်းရန် သဘောတူ
အမေရိကန်နိုင်ငံရှိ Uber Techno-logies ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ BYD ကုမ္ပဏီတို့က နှစ်ရှည်အကျိုးတူ ပူးပေါင်းရန် သဘောတူလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက်အရ BYD ကုမ္ပဏီသည် လျှပ်စစ်ကားအစီးရေ တစ်သိန်းကို Uber ကုမ္ပဏီအတွက် ထုတ်လုပ်ပေးရမည်ဖြစ်သည်။
ထိုသဘောတူညီချက်ကြောင့် Uber ကုမ္ပဏီနှင့် လက်တွဲဆောင်ရွက်နေသည့် အငှားယာဉ်မောင်းများ အနေဖြင့် BYD ကားများကို သက်သာသော စျေးနှုန်းဖြင့်ရရှိနိုင်မည့် အပြင် ထိုကားများကိုဝယ်နိုင်ရေး အတွက် ချေးငွေလည်း ရရှိမည်ဖြစ်သည်။
ကနဦးတွင် ဥရောပ၊ လက်တင်အမေရိကနိုင်ငံတို့ရှိ စျေးကွက်များ၌စတင်ဖြန့်ချိမည်ဖြစ်ပြီး နောက်ပိုင်းတွင် အရှေ့အလယ်ပိုင်း၊ ကနေဒါ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့အထိ စျေးကွက်ချဲ့ထွင်သွားရန် စီစဉ်ထားသည်။
BYD ကုမ္ပဏီထုတ် လျှပ်စစ်ကားများသည် မော်ဒယ်အစုံရှိခြင်း၊ ဘက်ထရီစွမ်းဆောင်ရည် ကောင်းမွန်ခြင်း၊ ပြုပြင်ထိန်းသိမ်းစရိတ် နည်းပါးခြင်း၊ တည်ဆောက်မှုအရည်အသွေး သာလွန်ခြင်းတို့ကြောင့် အငှားကားများအဖြစ် အသုံးပြုရန် အလွန်သင့်လျော်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ထားသည်။