တပ်မတော်သည် တိုင်းပြည်အတွက်

သမိုင်းဆိုသောစကားရပ်ကို မြန်မာအဘိဓာန်တွင် နိုင်ငံ၊ လူမျိုး၊ အဆောက်အအုံ စသည်တို့၏ ဖြစ်စဉ်ယင်းတို့ကို လေ့လာသည့်ပညာရပ်ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ ထို့ကြောင့် သမိုင်းဟူသည် အတိတ်ကာလကဖြစ်ရပ်၊ ဖြစ်စဉ်များဖြစ်ပေသည်။ မြန်မာ့သမိုင်းကို ဆစ်ပိုင်းလေ့လာတိုင်း အားမာန်ရှိရှိ ဂုဏ်ယူဖွယ်ကောင်းသော သမိုင်းဖြစ်ရပ်များကို လည်းကောင်း၊ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော ဖြစ်ရပ်များကိုလည်းကောင်း ကြားမြင်သိရှိရပေမည်။

ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများတွင် မမေ့နိုင်သည်မှာ အရှင်နှစ်ပါးပါတော်မူခန်းဖြစ်သည်။ အင်္ဂလိပ်နယ်ချဲ့တို့သည် မြန်မာတို့အပေါ် နိုင်ထက်စီးနင်းတိုက်ပွဲများ ဖန်တီးပြီး ဗိုလ်ကျစိုးမိုးခဲ့သည်။ နောက်ဆုံး အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲတွင် မန္တလေးမြို့ကိုသိမ်းပိုက်ကာ သီပေါဘုရင်နှင့်မိသားစုကို အိန္ဒိယပြည်သို့ ခေါ်ဆောင်သွားပြီး လူသူအရောက်အပေါက် အလွန်နည်းပါးသော ရတနာဂီရိသို့ပို့ဆောင်ထားသည်။ တိုင်းပြည်တစ်ခုလုံး သိမ်းပိုက်သည်နှင့် အားမရသေးဘဲ မင်းဆက်လုံးဝပြတ်သွားအောင် လုပ်ဆောင်ခဲ့သည်။ သီပေါမင်းကို ညောင်ရမ်းမင်းသားနှင့် လဲလှယ်ပေးမည်ဟူသော သတင်းလွှင့်ကာ မြန်မာတို့ကိုလှည့်စားခဲ့သည်။ နိုင်ငံတကာသံတမန်အတွေ့အကြုံရှိသော ကင်းဝန်မင်းကြီးကိုပင် အင်္ဂလိပ်တို့ကလိမ်လည်ခဲ့သည်။ ထို့ကြောင့် မြန်မာတို့က ထီးဆုံးနန်းဆုံးမြို့လည်း ဆုံးခဲ့သောနေ့ကို နာကြည်းဖွယ်မှတ်တမ်းတင်ထားသည်မှာ ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်ဟူ၍ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် ပါတော်မူကြောင်းမှတ်တမ်း ဖြစ်သည်။

၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ မြန်မာတစ်နိုင်ငံလုံးလွတ်လပ်ရေးဆုံးရှုံးကာ နယ်ချဲ့ဗြိတိသျှ လက်ရောက်ခဲ့သည့် သမိုင်းကို ယနေ့လူငယ်များ မမေ့သင့်ပါ။ တိုင်းရင်းသားလူမျိုးအပေါင်းသည် မြန်မာနိုင်ငံအနှံ့အပြား၌ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများ ဆင်နွှဲခဲ့သည်။ လူအင်အား၊ လက်နက်အင်အားမမျှသဖြင့် အရေးနိမ့်ခဲ့ရသည်။ ၁၉၀၆ ခုနှစ်မှစတင်ပြီး အမျိုးသားရေးလှုပ်ရှားမှုများပြန်လည်ဦးမော့လာသည်။ အင်္ဂလိပ်နယ်ချဲ့ကို ထိထိရောက်ရောက် မောင်းထုတ်နိုင်ရန်မှာ မိမိတို့တွင် လက်နက်ကိုင်တပ်မတော်တစ်ရပ်ရှိနေရန် လိုအပ်သည်။ ထို့ကြောင့် သခင်အောင်ဆန်းသည် မျိုးချစ်လူငယ် ၃၀ ကိုဦးဆောင်ကာ တပ်မတော်ဖွဲ့နိုင်ရန် ကြိုးပမ်းခဲ့သည်။ အခက်အခဲမျိုးစုံကြားမှ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ဖွဲ့စည်းနိုင်ခဲ့သည်။

တပ်မတော်တစ်ရပ် ရှိလာခြင်းသည် မြန်မာတို့အတွက် ခွန်အားဖြစ်သည်။ ပြည်သူတစ်ရပ်လုံးက တပ်မတော်၏ ဦးဆောင်မှုနှင့်အတူ ရှိနေသည့်အတွက် နယ်ချဲ့တော်လှန်ရေး အောင်မြင်သည်။ ဖက်ဆစ်တော်လှန်ရေး အောင်မြင်သည်။ နောက်ဆုံးအဆင့် လွတ်လပ်ရေးလမ်းကြောင်းပေါ်သို့ တပ်မတော်က ပို့ဆောင်ပေးနိုင်ခဲ့သည်မှာ သမိုင်းအမှန်ဖြစ်သည်။  ထိုမှဆက်ရသော် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော ရောင်စုံသောင်းကျန်းသူများကို ချေမှုန်းခြင်း၊ ပြည်ပကျူးကျော်မှုကို ချေမှုန်းခြင်းတို့ဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တစ်လက်မမျှပွန်းပဲ့ခြင်းမရှိအောင် သက်စွန့်ဆံဖျား ဆောင်ရွက်ခဲ့သည်မှာလည်း သမိုင်းအမှန်ဖြစ်ပေသည်။

တိုင်းပြည်တွင် အခက်အခဲကြုံတိုင်း တပ်မတော်က ဖြေရှင်းပေးနိုင်ခဲ့သည်။ အထူးသဖြင့် ၁၉၈၈ ခုနှစ်မှ စတင်ကာ ပါတီစုံဒီမိုကရေစီအသွင်ကူးပြောင်းရေး လိုအပ်သည့်နိုင်ငံရေး အခင်းအကျင်းများစွာကို စနစ်တကျ ပီပီပြင်ပြင် အကောင်အထည်ဖော်ပေးခဲ့သည်။ မြစ်ကူးချောင်းကူးတံတားကြီးများ၊ ဆည်မြောင်း၊ တာတမံများ၊ ရေအားလျှပ်စစ် စီမံကိန်းကြီးများ၊ အခြေခံ/အဆင့်မြင့်ကျောင်းများ၊ ဆေးရုံများ၊ သမိုင်းအမွေအနှစ်စေတီပုထိုးများ၊ နန်းတော်ရာများ၊ ကားလမ်း၊ ရထားလမ်းများ၊ လေယာဉ်ကွင်းများ၊ ဆိပ်ခံတံတားကြီးများကို တည်ဆောက်ပေးနိုင်ခဲ့သည်။ ထို့ပြင် မြို့သစ်များတိုးချဲ့တည်ဆောက် အကောင်အထည်ဖော်ပေးနိုင်သည့်အနက် နေပြည်တော်ကိုအချိန်တိုအတွင်း တည်ဆောက်အောင်မြင် ခဲ့သည်မှာ တပ်မတော်သည် တိုင်းပြည်အတွက် လုပ်ဆောင်ချက်များ ဖြစ်ပေသည်။

တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသော အမျိုးသားနိုင်ငံရေးကို တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိသည်။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးအပေါ် ကျရောက်မည့် ဘေးအပေါင်း ရန်အပေါင်းကို ကာကွယ်တားဆီးနှိမ်နင်းလျက် ရှိသည်။ ထိုသို့လုပ်ဆောင်နေသည်မှာ တပ်မတော်ဟူ၍ ပေါ်ပေါက်လာသည်မှ ယနေ့တိုင်လုပ်ဆောင်နေခြင်း ဖြစ်သည်။ တပ်မတော်သည် တိုင်းပြည်အတွက်သာဖြစ်သည်။ ၁၉၆၄ ခုနှစ်ဇန်နဝါရီ ၂ ရက် ပုပ္ပား တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ၌ တော်လှန်ရေးကောင်စီဥက္ကဋ္ဌက ကျွန်တော်တို့ဟာ အမုန်းမခံဘဲ နေဖြစ်သလိုနေရင်ရသားပဲ။  အရင်တုန်းက ကျွန်တော်တို့ကို ဘယ်သူကမှမမုန်းဘူး။

အကုန်လုံးချစ်တယ်။ အခုတော့ ကျွန်တော်တို့ကို အတိုက်အခံလူတန်းစားက အင်မတန်ခါးခါးသီးသီး ဖြစ်လာတယ်။ ဖြစ်မယ်ဆိုတာသိရက်နဲ့ပဲ ကျွန်တော်တို့လုပ်ရတာ။ ဘာကြောင့်လဲဆိုရင် တိုင်းပြည်အတွက်ပဲဟူ၍ ပြောကြားခဲ့သည်။ နောင်သမိုင်း အစဉ်အဆက်တပ်မတော်သည် တိုင်းပြည်အတွက်သာ ဖြစ်နေမည်မှာ ထာဝရမှန်သော စကားဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။