အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း (ဒုတိယနေ့) ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ ဩဂုတ် ၄ ရက်
တပ်မတော်တွင် သတ္တမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ အထူးကုသမှု စင်တာ၌ ဆက်လက်ပြုလုပ်ခဲ့သည်။
အဆိုပါအသည်းအစားထိုးခွဲစိတ်ကုသမှုတွင် လူနာဖြစ်သူ ဦးဇေယျာလတ် နှင့် ညီမဖြစ်သူ အသည်းအလှူရှင် မခင်ယွန်းဝတီလှိုင် တို့ကိုခွဲစိတ်ကုသခဲ့ခြင်းဖြစ်သည်။
အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၉ နာရီအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသောအသည်းကို ညနေ ၄ နာရီခွဲအချိန်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့ပါသည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီး နောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ် ကုသခန်း၌ လိုအပ်သောပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ တာဝန်ရှိသူ အရာရှိကြီးများက ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။