ယာယီသံပေါင်ဘေလီတံတား တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် တာဝန်ရှိသူများသည် သြဂုတ်လ ၃ ရက်တွင် ကတော့ကရက်ကျေးရွာအုပ်စု ကတော့ကရက်ကျေးရွာအနီး ဇလွန်-ပျဉ်းမကုန်း-ရှမ်းစုလမ်း မိုင်တိုင်အမှတ် ၅/၅ နှင့် ၅/၆ ကြားတွင် မိုးသည်းထန်စွာရွာသွန်း၍ မိုးရေတိုက်စားမှုကြောင့် တံတားအမှတ် (၁/၆)နိမ့်ကျပျက်စီးပြီး ပြည်သူများသွားလာရေး ပြတ်တောက်မှုမရှိစေရန်အတွက် ယာယီသံပေါင်ဘေလီတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် တာဝန်ရှိသူများသည် ပြည်သူများသွားလာရာတွင် ပြတ်တောက်မှု မရှိစေရေးအတွက် မြို့နယ်လမ်းဦးစီးဌာနမှ အရှည်ပေ ၄၀၊ အကျယ် ၁၆ ပေ ယာယီသံပေါင်ဘေလီတံတား ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကွင်းဆင်းကြပ်မတ်၍ တံတားအမြန်ဆုံး ထိုးနှံပြီးစီးအောင်ဆောင်ရွက်စေရေး မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။