ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ လှူဒါန်း
လွိုင်ကော် သြဂုတ် ၄
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားစွာဖြင့် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်း မိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် တပျော်တပါး စုပေါင်းချက်ပြုတ်ကြော်လှော်ခြင်း၊ ဝန်ထမ်းမိသားစုများ ကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများ ပြင်ဆင်ထုပ်ပိုးနေမှုများကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်း မိသားစုများက နိုင်ငံတော် ကာကွယ်ရေး၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားကာ တိုက်ပွဲဝင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကော်ဖီ၊ ခေါက်ဆွဲခြောက်၊ လက်ဖက်အကြော်စုံ ၊ ချဉ်ပေါင်ထမင်းနယ်၊ ငါးနီတူ၊ ပုစွန်ငါးပိချက်၊ သရက်သီးသနပ်၊ အာပဲ့ခြောက်ကြော်၊ ကိတ်ခြောက်၊ ဆေးပေါ့လိပ်၊ ချိုချဉ်စသည့် စားသောက်ဖွယ်ရာပစ္စည်းများ လှူဒါန်းနိုင်ရေး ဝိုင်းဝန်းပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီး စားသောက်ဖွယ်ရာများနှင့်အတူ “တရားသောစစ် အမြန်ဆုံးအောင်မြင်ပါစေ။ တပ်မတော်သားများရဲ့ အောင်မြင်မှု၊ ပြည်သူလူထုရဲ့ ငြိမ်းချမ်းမှုတွေကို စောင့်မျှော်လျက် တပ်မတော်သားများကိုချစ်တဲ့ပြည်သူတွေ အများကြီးရှိပါတယ်။ တပ်မတော်သားများရဲ့ အောင်ပွဲဟာ ပြည်သူ့အောင်ပွဲပါ။ တပ်မတော်သားများ စစ်မြေပြင်မှ အန္တရာယ်ကင်းရှင်းစွာ အမြန်ဆုံးပြန်လာနိုင်ပါစေ”စသည့် ဆုတောင်းမေတ္တာ စာလွှာများကို ထည့်သွင်းပေးပို့ကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ် ၂၀၈၈၀၀၀၀ သိန်းတန်ဖိုးရှိ စားသောက်ဖွယ်များကို ပေးအပ်လှူဒါန်းခဲ့ရာ ရှေ့တန်းရောက် တပ်မတော်သားများ ကိုယ်စား နယ်မြေခံတပ်မှတာဝန်ရှိသူ တစ်ဦးကလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ကိုယ်စား ပြည်နယ်ရဲတပ်ဖွဲ့မှူးက လည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အကျဉ်းဦးစီးဌာနသို့ သွားရောက်၍ နယ်မြေဒေသတည်ငြိမ် အေးချမ်းမှုရှိလာအောင် သစ္စာရှိရှိရဲရဲဝံ့ဝံ့ဖြင့် တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ကယားပြည်နယ်အစိုးရ အဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းမိသားစုများအား ပေးအပ်ခဲ့သည်။ ထို့နောက် အကျဉ်းဦးစီးဌာနအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။