ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းဖွင့်
ရှမ်းပြည်နယ် ဥပဒေချုပ်ရုံး တောင်ကြီးတက္ကသိုလ်၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ်တို့ ပူးပေါင်း၍ ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၄/၂၀၂၄)ကို သြဂုတ်လ ၃ ရက်တွင် တောင်ကြီးပညာရေး ဒီဂရီကောလိပ် ကမ္ဘောဇခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က ဆရာအတတ်ပညာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဖြစ်လာသည့်အခါ ဥပဒေရေးရာ အသိပညာများကို သိရှိပြီး လေးစားလိုက်နာဆောင်ရွက်နိုင်ရန် အထူးလိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကသင်တန်းပို့ချပေးမည့် ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဥပဒေချုပ်ရုံးနှင့် တောင်ကြီးတက္ကသိုလ် ဥပဒေပညာရှင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီး ဘာသာရပ်များကို သြဂုတ်လ ၃ ရက်မှ ၁၀ ရက်အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။