တောင်သူနည်းပညာ ဆွေးနွေးပွဲတွင် သစ်စိမ်းမြေသြဇာအမျိုးမျိုး၏ မြေဆီလွှာနှင့်သီးနှံအပေါ် အကျိုးသက်ရောက်မှု ဆွေးနွေး

 

 

တောင်သူနည်းပညာ ဆွေးနွေးပွဲတွင် သစ်စိမ်းမြေသြဇာအမျိုးမျိုး၏ မြေဆီလွှာနှင့်သီးနှံအပေါ် အကျိုးသက်ရောက်မှု ဆွေးနွေး

 

နေပြည်တော် သြဂုတ် ၄

    နေပြည်တော် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာနတွင် အပတ်စဉ် စနေနေ့တိုင်း ကျင်းပသည့် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက (၄၃)ကြိမ်မြောက် ကျင်းပရာ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးဦးစီးဌာန နှင့်စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ စိုက်ပျိုးရေး ပညာရှင်များ သုတေသီများနှင့် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ်မှ တောင်သူ ၂၅ ဦး တက်ရောက်၍ သစ်စိမ်းမြေသြဇာအမျိုးမျိုး၏ မြေဆီလွှာနှင့် သီးနှံအပေါ် အကျိုးသက်ရောက်မှု ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူ ၅၀ က အွန်လိုင်းစနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန မြေဆီလွှာသိပ္ပံ သုတေသနဌာနစု သုတေသနမှူး  ဒေါက်တာနီနီတင့်က သစ်စိမ်းမြေသြဇာ အမျိုးမျိုး၏ မြေဆီလွှာ နှင့် သီးနှံအပေါ် အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြပြီး တောင်သူများ၏ မေးမြန်းမှုများကို အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက လုပ်ကွက်ငယ်တောင်သူ လယ်သမားအနေဖြင့် မိမိတို့ပိုင်ဆိုင် လုပ်ကိုင်ရသည့် လယ်ယာ မြေ၏ မြေဆီလွှာ ကျန်းမာရေးနှင့် မြေဆီသြဇာထက်သန် ကောင်းမွန်စေရေးကို ဂရုတစိုက်ဆောင်ရွက်နိုင်မှသာ ဝင်ငွေခိုင်မာ မှုရှိစေမည့် သီးနှံအထွက်ကို ရရှိနိုင်ကြမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယနေ့ဆွေးနွေးပွဲတွင် အကြီးမြန်ဆွေးမြည့်လွယ်၍ သစ်စိမ်းဒြပ်ထု အထွက်များများ ရရှိသော အပင်မျိုးများ ကြဲပက်စိုက်ပျိုးကာ ထယ်ထိုးမြေမြှုပ်ခြင်းအားဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိနှင့်  ဓာတ်ဂုဏ်သတ္တိများကို ပြောင်းလဲပေးပြီး  မြေဆီ အာဟာရဓာတ်  ဖြည့်တင်းပေးသော သဘာဝမြေသြဇာ အသုံးပြုခြင်းကို သက်ဆိုင်ရာ ပညာရှင်များက ဆွေးနွေးတင်ပြကြရာ ဆွေးနွေးပွဲ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။