ဗြိတိန်၌ ပြည်တွင်းစစ်ဖြစ်မည်မှာ မလွဲဧကန်ဖြစ်ဟု အီလွန်မက်ပြော
ဗြိတိန်နိုင်ငံ၌ ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ နိုင်ငံတစ်ဝန်း ဖြစ်ပွားနေစဉ် ထိုနိုင်ငံအနေဖြင့် ပြည်တွင်းစစ်ဖြစ်မည်မှာ မလွဲဧကန်ပင်ဖြစ်ကြောင်း အီလွန်မက်က ပြောသည်။
ရဝမ်ဒါနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများ၏ အသက် ၁၇ နှစ်ရှိ သားတစ်ဦးက ဆောက်ပေါ့မြို့၌ ကလေးငယ်သုံးဦးကို အသက်သေဆုံးစေသည်အထိ ဓားထိုးတိုက်ခိုက်မှု ကျူးလွန်ပြီးနောက် နိုင်ငံတစ်ဝန်းတွင် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားလာခြင်းဖြစ်သည်။
အထူးသဖြင့် မန်ချက်စတာ၊ လီဗာပူးနှင့် ဘာမင်ဂမ်တို့၌ ဆန္ဒပြမှုများမှသည် ဆူပူအုံကြွမှုများအထိဖြစ်ပေါ်ကာ ဗလီများလည်း တိုက်ခိုက်ခံရသည်။ ထို့ပြင် ရဲစခန်းရှေ့များတွင်လည်း ဖျက်ဆီးမှုများဖြစ်ပွားကာ ကားများနှင့် အဆောက်အအုံတချို့မှာလည်း မီးရှို့ခံရသည်။
ထို့ကြောင့် အထိန်းအချုပ်မဲ့ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်မှုနှင့် ရာဇဝတ်မှု ကျူးလွန်မှုများမြင့်တက်လာခြင်းတို့သည် ဗြိတိန်နိုင်ငံကို ပြည်တွင်းစစ်ဆီ ဦးတည်စေခြင်းဖြစ်ကြောင်း အီလွန်မက်က လူမှုကွန်ရက်တွင် ရေးထားသည်။
ယခုနှစ်အတွင်း အင်္ဂလိပ်ရေလက်ကြားကို ဖြတ်သန်းလာသည့် ရွှေ့ပြောင်းနေထိုင်သူ ဦးရေ အယောက် ၁၀၀၀၀ ကျော်ရှိရာ ယခင်အစိုးရအနေဖြင့် လူဝင်မှုကြီးကြပ်ရေးကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိကြောင်း ပေါ်လွင်နေသည်။