တောင်ကြီး၊ ညောင်ရွှေ၊ ပင်းတယမြို့နယ်တို့မှ နေကြာစိုက်တောင်သူများနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုး တွေ့ဆုံ

 

တောင်ကြီး၊ ညောင်ရွှေ၊ ပင်းတယမြို့နယ်တို့မှ နေကြာစိုက်တောင်သူများနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုး တွေ့ဆုံ

 

နေပြည်တော် သြဂုတ် ၄

    သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက   ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံးသို့ သွားရောက်၍ ကယားပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှ ယာယီတွဲဖက်ထားသော ဝန်ကြီးဌာနအောက် ဝန်ထမ်းများနှင့်တွေ့ဆုံကာ မိသားစုများနေထိုင်ရေး၊ သားသမီးများ၏ ပညာရေး၊ တာဝန်ထမ်းဆောင်မှု အခြေအနေများနှင့် တစ်ဦးချင်း အခက်အခဲများကို မေးမြန်း၍ လိုအပ်သည်များ မှာကြားပြီး  ဦးစီးဌာနအလိုက်  ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ထို့နောက် ဒေသအလိုက် ဦးစီးဌာနများမှ တာဝန်ရှိသူများက    လိုအပ်ချက်များကို တင်ပြရာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး   ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက  ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တောင်ကြီးမြို့ သမဝါယမ စာရင်းရေးစာရင်းကိုင်    သက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ နည်းပြဆရာ၊ ဆရာမများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်နေသော ပထမနှစ်၊ ဒုတိယနှစ်သင်တန်းသား၊ သင်တန်းသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းပြီးဆုံး၍ ဒေသတွင်းကုမ္ပဏီများ၊ စီးပွားရေးအသင်းအဖွဲ့များ သမဝါယမအသင်းများ၌ လုပ်ငန်းခွင်ဝင်ရောက်နေကြပြီဖြစ်သော ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် တွေ့ဆုံကာ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များ၊ သမဝါယမကောလိပ်များသို့ ပေါင်းကူး တက်ရောက်ခွင့်ရရှိရန် ကြိုးစားသင်ယူကြရေး မှာကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကား ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို  ရှင်းလင်း တင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လုပ်ငန်းခွင်ဝင်ရောက်နေသော ကျောင်းသား၊ ကျောင်းသူဟောင်းများကို နှုတ်ဆက်၍ အခက်အခဲများ မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် တောင်ကြီးမြို့နယ် ဟဲကယ်ကျေးရွာသို့ သွားရောက်ပြီး တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့မှ ဆီထွက်သီးနှံ နေကြာစိုက်သမဝါယမ အသင်းသား တောင်သူများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမ ဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သမဝါယမ အသင်းများ၏ ပံ့ပိုးမှုဖြင့် ဆီထွက်သီးနှံ မြေပဲ ၁၄၂ ဧက စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ လာမည့်ဆောင်းရာသီသီးနှံ  နေကြာဧက ၅၀၀၀ စိုက်ပျိုးမည့် အခြေအနေကို ရှင်းလင်းတင်ပြရာ  ဒုတိယဝန်ကြီးက  ဖြည့်စွက်မှာကြားပြီး ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က သမဝါယမအသင်းသား တောင်သူများအတွက်  သွင်းအားစုဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်သည်။

ထိုမှတစ်ဆင့်  ကလောမြို့နယ် တင်ကြီးကြပ်ကျေးရွာသို့ သွားရောက်၍ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက    တင်ကြီးကြပ်ကျေးရွာတွင် အနက်ပေ  ၃၄၀  စက်ရေတွင်းတူးဖော် ပေးပြီး   ဆိုလာရေတင်စနစ်ဖြင့်   ၂ ဆင့် မြှင့်တင်ပေးပြီး    တင်ကြီးကြပ်ကျေးရွာ အပါအဝင် ကျေးရွာ ၆ ရွာ သောက်သုံးရေ ဖြန့်ဝေပေးနေသည့် လုပ်ငန်းကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကျေးရွာသူ၊ ကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ယင်းနောက် ပင်းတယမြို့နယ် ပွေးလှကျေးရွာသို့ သွားရောက်၍ လာမည့်ဆောင်းရာသီတွင် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံပြီး     ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့်  ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌတို့က လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက အသင်းသားတောင်သူများအတွက် သွင်းအားစု ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ    ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။