ကျောင်းကုန်းမြို့နယ် ဒေသထွက်နာနတ်သီးများ ရန်ကုန်စျေးကွက်သို့ အဓိက တင်ပို့လျက်ရှိပြီး အရောင်းအဝယ် ကောင်းမွန်နေ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ဒေသထွက်နာနတ် သီးများ ရန်ကုန်စျေးကွက်သို့ အဓိကတင်ပို့လျက်ရှိပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ကျောင်းကုန်းမြို့နယ်၌ သစ်သီးမျိုးစုံရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ ဒေါ်သင်းသင်း၏ ပြောပြချက်အရ သိရသည်။
“ကျောင်းကုန်းမြို့နယ်မှာ ဒီအချိန်က နာနတ်သီးစခူးလို့ရတဲ့ အချိန်ဖြစ်ပါတယ်။ ဒီဒေသကထွက်တဲ့ နာနတ်သီးတွေကိုတော့ ရန်ကုန်စျေးကွက်ကိုပဲ အဓိကတင်ပို့နေတာပါ။ ကျောင်းကုန်းမြို့နယ်မှာ နာနတ်ပင်တွေကို မြေအောက်ရေ အစိုဓာတ်များများ ရရှိတဲ့နေရာတွေမှာ စိုက်တာများတယ်။ နာနတ်ပင်တွေကို စိုက်ခင်းများအဖြစ်၊ ကြားသီးနှံတွေအဖြစ် စိုက်ပျိုးကြတယ်။ နာနတ်သီးစိုက်ပျိုးတဲ့ လုပ်ငန်းက တောင်သူတွေနဲ့ အကျွမ်းတဝင်ရှိပါတယ်။
နာနတ်ပင်က စိုက်ရတာလည်း လွယ်ကူတဲ့အပြင် တောင်သူတွေအတွက် ထိုက်သင့်တဲ့ အကျိုးအမြတ်ရရှိစေတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်” ဟု ဒေါ်သင်းသင်းကပြောသည်။
ကျောင်းကုန်းမြို့နယ်၌ ဒေသခံများသည် စပါးစိုက်ပျိုးသည့် လုပ်ငန်းနှင့်ယှဉ်တွဲပြီး နာနတ်ပင်များကို တောင်သူတစ်ဦးလျှင် တစ်ဧကမှ ငါးဧကအထိစိုက်ပျိုးကြသည်။ အဆိုပါဒေသထွက် နာနတ်သီးများသည် အရည်အသွေးကောင်းပြီး ရက်ရှည် အထားခံသည့်အတွက် တစ်ဆင့်ပြန်လည် ရောင်းချသူများနှင့် စားသုံးသူများ အထူး ကြိုက်နှစ်သက်ကြကြောင်း သိရသည်။