မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄) ကျင်းပ
နေပြည်တော် သြဂုတ် ၆
မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၄) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရုံးအမှတ်(၃၁)အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံ လူငယ်ရေးရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး လူငယ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက In-Person ဖြင့် လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများက Video Conferencing ဖြင့် လည်းကောင်း တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၂ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဇူလိုင်လ ၅ ရက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၄) တွင် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများကို ယခုအစည်းအဝေးတွင် ဆွေးနွေးတင်ပြပေးရန် လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ လူငယ်ရေးရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး လူငယ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်က မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၄) ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် သြဂုတ်လ ၁၂ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆက်စပ်အစီအစဉ်များနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားနှင့် ဆက်စပ် အစီအစဉ်များ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များကို ထူးချွန်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ၊ လူရည်ချွန်ဆုရရှိသူများကို စိစစ်ရွေးချယ်ခဲ့မှုများနှင့် ပတ်သက်၍လည်းကောင်း ဝိုင်းဝန်းဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။