၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လေးလတာ ကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၁၈၀၀ ကျော် တင်ပို့နိုင်
မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လေးလတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၁၈၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
"၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ လေးလတာ ကာလအတွင်း ပြည်ပကို ပုစွန်မက်ထရစ်တန် ၁၈၈၅ ဒသမ ၁၁ တန် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၅၇ သန်းရရှိခဲ့ပါတယ်''ဟု ၎င်းကပြောသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ လေးလတာ ကာလအတွင်းပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၁၅၇၉ ဒသမ ၆၅၅ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၂၉ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၃၀၅ ဒသမ ၄၅၅ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၂၈ သန်းရရှိသည့်အတွက် ပြည်ပသို့ စုစုပေါင်း ပုစွန်မက်ထရစ်တန် ၁၈၈၅ ဒသမ ၁၁ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၅၇ သန်း ရရှိထားခြင်းဖြစ်သည်။
ပြည်တွင်းမှ ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ စသည့်နိုင်ငံပေါင်း၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှ တစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက် ရှိကြောင်းသိရသည်။