ယင်းမာပင်မြို့နယ်၊ ထန်းတောကြီးကျေးရွာကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းအမှား များ ဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ - ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ထန်းတောကြီးကျေးရွာကို ဩဂုတ် ၇ ရက်နေ့တွင် တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယင်းမာပင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး လက်နက်ကြီးဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့သည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ နယ်မြေလုံခြုံရေးဆောင်ရွက်မှုများကို PDF အမည်ခံအကြမ်းဖက် အဖွဲ့များက အဝေးမှပစ်ခတ်တိုက်ခိုက်ခြင်းများ မကြာခဏလုပ်ဆောင်နေပြီး ၎င်းတို့ ပစ်ခတ်သည့် အချို့လက်နက်ကြီးကျည်များသည် ကျေးရွာများအတွင်း ကျရောက် ပေါက်ကွဲမှုများရှိခဲ့ကြောင်း သိရှိရသည်။
၎င်းဖြစ်စဉ်များကို တရားမဝင်ပြည်ဖျက်မီဒီယာများက တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန်နှင့် ဒေသခံပြည်သူများ ထိတ်လန့် ကြောက်ရွံ့စေရန် ရည်ရွယ်ချက်များဖြင့် လူမှုကွန်ရက်တွင်သတင်းအမှားများကို ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။